နွေအပြောင်းအရွှေ့ ဈေးကွက်ရဲ့ နောက်ဆုံးနေ့မှ မန်ချက်စတာ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ခွင့် ရခဲ့တဲ့ မော်ရိုကို ကွင်းလယ်လူ ဆိုဖီရန် အမ်မရာဘတ်က လက်ရှိမှာ သူဟာ သူရဲ့ အိမ်မက် ကလပ်အသင်းကို ကိုယ်စားပြုခွင့် ရနေပြီလို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်က ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်မရာဘတ်ကို တစ်ရာသီ အငှား + ယူရို (၂၅)သန်းတန် package နဲ့ အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး တစ်ရာသီ အငှားခေါ်ယူကြေးအတွက်ကိုလည်း ဖီအိုရင်တီးနားအသင်းဆီ ယူရို (၁၀)သန်း ပေးဆောင်သွားရမှာပဲ ဖြစ်ပါတယ်။
Photo Credit : Twitter
“မန်ချက်စတာ ယူနိုက်တက် ကစားသမား ဖြစ်လာရတာ ဂုဏ်ယူစရာပါ။ ဒီအခိုက်အတန့်ကို ရရှိဖို့ စိတ်ရှည်ရှည်ထားခဲ့ရပေမယ့် ကျွန်တော်ဟာ ကျွန်တော့်ရဲ့နှလုံးသားရဲ့ စကားသံကို အမြဲ နားထောင်ပေးသူတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ ကျွန်တော့်ရဲ့အိပ်မက်ကလပ်ကို ကိုယ်စားပြုနေရပါပြီ။”
“ကျွန်တော်က စိတ်အားထက်သန်တဲ့ ကစားသမားပါ။ ကျွန်တော် ဒီစွမ်းအင်ကို အသင်းအတွက် ဆောင်ကျဉ်းပေးချင်ပါတယ်။ ပြီးတော့ အသင်းအတွက် ကျွန်တော် လုပ်ဆောင်ပေးသမျှ အားလုံးကို လုပ်ဆောင်ပေးသွားမှာပါ။”
Photo Credit : Twitter
“အဲရစ် တန်ဟက်ဂ်က ဘယ်လို အလုပ်လုပ်ရတာကို နှစ်သက်လဲဆိုတာနဲ့ သူ့ကစားသမားတွေဆီက ဘာတွေ လိုအပ်တယ်ဆိုတာကို ကျွန်တော် အတိအကျ သိထားပါတယ်။ သူ့ရဲ့ နည်းပြနဲ့ လမ်းညွှန်မှုက ကျွန်တော့်ရဲ့ ကစားသမားဘဝ အစောပိုင်းကလို အများကြီး တိုးတက်လာခဲ့ပါတယ်။”
“ဒီရာသီမှာ အသင်းကို အောင်မြင်အောင် ကူညီပေးနိုင်ဖို့အတွက် တန်ဟက်ဂ်က ကျွန်တော့်ရဲ့ အကောင်းဆုံး အစွမ်းအစတွေ ထွက်ပေါ်လာအောင် လုပ်ဆောင်ပေးန်ိုင်မယ်ဆိုတာ ကျွန်တော် သိထားပါတယ်။” လို့ အမ်မရာဘတ်က ပြောဆိုသွားခဲ့ပါတယ်။