နှလုံးအမောဖောက်ရာကနေ ကုသမှု ခံယူခဲ့ရာကနေ ဘောလုံးသမားဘဝပါ အနားယူရလောက်တဲ့အထိကို ဖြစ်ခဲ့ပြီးမှ မမျှော်လင့်ပဲ ဘရန့်ဖို့ဒ်အသင်းနဲ့ ပူးပေါင်းဖြစ်ခဲ့ပြီး အရင်လို ခြေစွမ်းကောင်းတွေကိုပါ ပြန်လည်ပြသလာနိုင်တဲ့ ခရစ္စတီယန်အဲရစ်ဆင်ကို ဘရန့်ဖို့ဒ်ဘက်က စာချုပ်သက်တမ်း တိုးမြှင့်ချင်နေသလို တခြားသော ကလပ်အသင်းတွေပါ အဲရစ်ဆင်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ဒီအသင်းတွေထဲမှာ အက်စတွန်ဗီလာအသင်းပါ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

Christian Eriksen says life 'continuing' after return to competition | The  Japan Times

Photo Credit : The Japan Time

အသက်(၃၀)နှစ်အရွှယ်ရှိ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း နှလုံးအမောဖောက်ရင်း ကွင်းအတွင်း လဲကျခဲ့ရာ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိ ဖြစ်ခဲ့ရသလို ဒီဖြစ်ရပ်နောက်ပိုင်းကတည်းက ဆေးကုသမှု ခံယူရင်း ဘောလုံးကစားခြင်းကနေပါ ခဏအနားယူထားရတာ ဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ သူရဲ့ အသင်းဟောင်း အင်တာမီလန်အသင်းနဲ့ စီးရီးအေမှာ ဘောလုံးဆက်ကစားဖို့ စီစဉ်ခဲ့ပေမယ့်လည်း အီတလီ ဘောလုံးအဖွဲ့ချုပ်ဘက်က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ စီးရီးအေမှာ ဘောလုံးကစားလို့ မရတော့တဲ့အတွက် အင်တာနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်အသင်းနဲ့ ကာလတို လက်တွဲဖြစ်ခဲ့ပါတယ်။

Christian Eriksen makes extraordinary return after cardiac arrest, but he′s  not the first | Sports | German football and major international sports  news | DW | 24.02.2022

Photo Credit : DW

ဘရန့်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲပေါင်း (၆)ပွဲအထိ ပါဝင်ကစားထားနိုင်တဲ့ အဲရစ်ဆင်ဟာ အသင်းအတွက် သွင်းဂိုး(၁)ဂိုးနဲ့ ဂိုးဖန်တီးမှု(၂)ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး ပုံစံကောင်းတွေ ပြသထားနိုင်တာကြောင့် သူ့ကို အသင်းဟောင်း တော့တင်ဟမ်ဟော့စပါးဘက်က ပြန်လည်ခေါ်ယူသွားချင်နေသလို တခြားသော ပရီးမီးယားလိဂ် အသင်းတွေကပါ ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်အသင်းဟာ အဲရစ်ဆင်ကို ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်အတွင်းမှာ အလွတ်ပြောင်းရွှေ့ကြေး ရာသီကုန်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ခေါ်ယူခဲ့တာဖြစ်လို့ ဒီရာသီကုန်တာနဲ့ အဲရစ်ဆင်ကို လက်လွတ်ရမှာဖြစ်ပါတယ်။ လက်ရှိမှာ အဲရစ်ဆင်ဟာ ဘရန့်ဖို့ဒ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းတွေ ပြသထားနိုင်လို့ ဘရန့်ဖို့ဒ်ဘက်ကလည်း အဲရစ်ဆင်ကို ထပ်မံသက်တမ်းတိုးချင်နေပြီး အဲရစ်ဆင်ကတော့ လာမယ့်နိုဝင်ဘာလ ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဒိန်းမတ်အသင်းနဲ့အတူ ပါဝင်ရဖို့အတွက် ပွဲကစားခွင့် ပုံမှန်ပေးနိုင်မယ့် ကလပ်အသင်းမျိုးကိုသာ ပိုမိုရွေးချယ်ဖွယ် ရှိနေပါတယ်။