MySport Myanmar

ကော်တင်ဟိုအတွက် ကနဦး ကမ်းလှမ်းမှုတစ်ရပ် လုပ်ဆောင်လာခဲ့တဲ့ အက်စတွန်ဗီလာ

အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီစျေးကွက်တုန်းက ဘာစီလိုနာအသင်းကနေ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ ဖီလစ်ပီကော်တင်ဟိုကို အငှားသက်တမ်း ကုန်ဆုံးချိန်မှာ ပေါင်(၃၃)သန်းနဲ့ အပြီးသတ် ခေါ်ယူနိုင်ခွင့်ပါ ထည့်သွင်းခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ကော်တင်ဟိုအတွက် ပေါင်(၁၂)သန်းနဲ့သာ ကနဦး ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့တယ်လို့ Daily Mail မီဒီယာကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၉)နှစ်အရွှယ်ရှိ ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းမှာ နေရာရဖို့ ရုန်းကန်နေရပေမယ့် ဗီလာအသင်းဆီ ပြောင်းရွှေ့လာချိန်မှာတော့ သူရဲ့အသင်းဟောင်း လီဗာပူးလ်မှာ တွဲဖက်ခဲ့ဖူးတဲ့ စတီဗင်ဂျရတ်နဲ့အတူ ထပ်မံလက်တွဲနေရပြီး ဗီလာအတွက်ကိုလည်း (၄)ဂို်း သွင်းယူထားသလို ဂိုးဖန်တီးမှု (၃)ကြိမ်ပါ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကို တကျော့ပြန် ရောက်ရှိလာချိန်မှာ ဂိုးပါဝင်ပတ်သက်မှု (၇)ဂိုးထိ လုပ်ဆောင်နိုင်ခဲ့တဲ့ ကော်တင်ဟိုကို ဗီလာဘက်က အပြီးသတ် ခေါ်ယူချင်ပေမယ့်လည်း အငှားခေါ်ယူခဲ့စဉ်တုန်းက အသင်းနှစ်သင်းကြား သဘောတူညီထားတဲ့ ပေါင်(၃၃)သန်းဆိုတဲ့ တန်ကြေးထက် cut price တန်ကြေးမျိုးနဲ့သာ ကမ်းလှမ်းသွားဖို့ ဆန္ဒရှိနေပါတယ်။

Photo Credit : Daily Mail

လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဗီလာအသင်းဟာ ကော်တင်ဟိုအတွက် ကနဦး ကမ်းလှမ်းချက်အဖြစ် ပေါင်(၁၂)သန်းနဲ့သာ ကမ်းလှမ်းခဲ့ပေမမယ့် ဒီကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး အသင်းနှစ်သင်းကြားမှာလည်း သဘောတူညီချက် တစ်စုံတစ်ရာ မရရှိထားခဲ့လို့ ဗီလာဘက်က ပြောင်းရွှေ့ကြေးကို ထပ်တိုးရဖွယ် ရှိနေသလို ဘာစီလိုနာဘက်ကတော့ ပေါင်(၁၃)သန်းဝန်းကျင်လောက်နဲ့ပါ လက်ခံသွားဖွယ် ရှိနိုင်တယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြထားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ပေါင်(၃၃)သန်းနဲ့သာ ရောင်းချချင်ပေမယ့်လည်း ကော်တင်ဟိုလို တစ်ပတ်လုပ်ခ ပမာဏ အလွန်များပြားနေတဲ့ ကစားသမားမျိုးကို အသင်းကနေ ရှင်းထုတ်သွားချင်နေတဲ့အတွက် ဗီလာဘက်ကနေ cut price တန်ကြေးမျိုးနဲ့ ကမ်းလှမ်းလာမယ်ဆိုရင်ပင် လက်ခံလာဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဗီလာက ကော်တင်ဟိုကို cut price နဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိခဲ့မယ်ဆိုရင် ကော်တင်ဟိုရဲ့ လစာပိုင်းအတွက် ဆက်လက်ဆွေးနွေးရဖွယ်လည်း ရှိနိုင်ပါတယ်။

Exit mobile version