ဒီနွေမှာ လက်စတာ ကွင်းလယ်လူ တီလေမန်းစ်ကို ခေါ်ယူထားပြီး ဗီလာရီးယဲလ်က ပါအူ တောရက်စ်ကိုလည်း မကြာခင်မှာပဲ ခေါ်ယူနိုင်တော့မယ့် အက်စတွန် ဗီလာအသင်းဟာ အခုလည်း အသင်းကြီးတိုင်း စိတ်ဝင်စားနေတဲ့ လေဗာကူဆင် တောင်ပံ ကစားသမား မူဆာ ဒီယာဘီကိုပါ ခေါ်ယူသွားဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : Aston Villa

 

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၇)နေရာ ရပ်တည်နိုင်ခဲ့လို့ ကွန်းဖရန့်စ်လိဂ် ဝင်ခွင့်ပါ ရရှိထားတဲ့ ဗီလာအသင်းက လာမယ့် ဘောလုံးရာသီမှာပါ ထပ်ပြီး စွမ်းဆောင်ရည်ကောင်းတွေ ဆက်လက် ပြသနိုင်ဖို့အတွက် လက်စတာက ဘယ်လ်ဂျီယံ ကွင်းလယ်လူ တီလေမန်းစ်ကို အလွတ်နဲ့ ခေါ်ယူထားပြီး စပိန် လက်ရွေးစင် နောက်ခံလူ တောရက်စ်ကိုလည်း မကြာခင်မှာပဲ ဆေးစစ်မှုတွေ လုပ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။

Photo Credit : Sports Max

ဒီလို ဈေးကွက်အတွင်း လှုပ်ရှားမှုကောင်းတွေ လုပ်ဆောင်နေတဲ့ ဗီလာက ဘာစီလိုနာရဲ့ စပိန် တောင်ပံ ကစားသမား ဖာရန် တောရက်စ်ကို ချဉ်းကပ်ခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်က ဘာစီလိုနာမှာသာ ဆက်လက် ရှိချင်နေတာကြောင့် ဗီလာအနေနဲ့ ဒီယာဘီကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ဒီယာဘီက ပီအက်စ်ဂျီ လူငယ် အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး သူ့ကို အာဆင်နယ် မန်ယူနိုက်တက် နဲ့ နယူးကာဆယ်တို့လို ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေက စိတ်ဝင်စားနေကြပြီး ကစားသမားရဲ့ တန်ကြေးကလည်း ယူရို သန်း (၅၀)လောက် ရှိနေပါတယ်။

ညာတောင်ပံ နေရာမှာ အဓိက ပါဝင်ကစားပြီး လိုအပ်ရင် ဘယ်တောင်ပံ ကွင်းလယ် တိုက်စစ် နဲ့ အထောင် တိုက်စစ်နေရာတွေထိပါ ကစားတတ်သူ ဒီယာဘီဟာ မနှစ်က ဘောလုံးရာသီမှာတော့ လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ (၄၈)ပွဲ ကစား (၁၄)ဂိုး သွင်း (၁၁)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။