ဘောလုံးသမားကောင်းတွေ သိပ်ထွက်ပေါ်လေ့မရှိတဲ့ ဂျမေကာနိုင်ငံရဲ့ ကြယ်ပွင့်တစ်ပွင့် ဖြစ်နေရတဲ့ လေဗာကူဆင် တောင်ပံတိုက်စစ်ကစားသမားလေး လီယွန်ဘေလီဟာ ဘွန်ဒစ်လီဂါရဲ့ ထိပ်တန်းအသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ် ဒေါ့မွန်တို့အပါအဝင် အခြားသော လိဂ်တွေရဲ့ ကလပ်အသင်းကြီးတွေကပါ စိတ်ဝင်စားခြင်းကို ပိုင်ဆိုင်ထားသူ ဖြစ်သလို ဒီနှစ်ရဲ့ နွေစျေးကွက်အတွင်းမှာလည်း သူ့ကို ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းကနေ အရခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Photo Credit : Eminetra New Zeeland

ဗီလာအသင်းဟာ ဒီနွေစျေးကွက်အတွင်းမှာ အသင်းရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ အက်ရှ်လေယန်းကို အင်တာမီလန်ကနေ ပြန်လည်ခေါ်ယူထားခဲ့တဲ့အပြင် ပရီးမီးယားလိဂ်ဆီ တန်းတတ်လာခဲ့တဲ့ နောဝစ်ချ်အသင်းရဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမား ဘွမ်ဒီယာကိုလည်း ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ကို ခေါ်ယူအားဖြည့်ထားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဂျက်ဂရီးလစ်ရှ်ရဲ့ အနာဂတ်က မသေချာ မရေရာ ဖြစ်နေတာကြောင့်မို့ အခုလိုပဲ ဂျမကော ကစားသမား လီယွန်ဘေလီကို ပစ်မှတ်ထားလာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Loop News

အသက်(၂၃)နှစ်အရွှယ်ရှိ ဂျမေကာလက်ရွေးစင် တောင်ပံကစားသမားလေး လီယွန်ဘေလီဟာ ၂၀၁ရခုနှစ်ကတည်းက ဂျန့်အသင်းကနေ လေဗာကူဆင်အသင်းဆီကို ရောက်ရှိနေခဲ့သူဖြစ်ပြီး ဂျန့်မှာ ကစားခဲ့စဉ်ကတည်းက ယူနိုက်တက် ချယ်လ်ဆီးအသင်းတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ လေဗာကူဆင်အသင်းနဲ့ (၄)ရာသီနီးပါး ဖြတ်သန်းခဲ့တဲ့ လီယွန်ဘေလီဟာ အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၁၅၆)ပွဲအထိကို ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၃၉)ဂိုး သွင်းယူထားနိုင်ခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း လေဗာကူဆင်အတွက် ဘွန်ဒစ်လီဂါမှာ (၉)ဂိုး သွင်းယူနိုင်ခဲ့ပြီး (၈)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီလို အရည်အသွေးကောင်းတွေ ပိုင်ဆိုင်လို့ထားတဲ့ လီယွန်ဘေလီကို ဗီလာအသင်းကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)ဝန်းကျင်နဲ့ ခေါ်ယူသွားချင်နေပြီး ဒဏ်ရာပြသာနာကနေ အရှင်းမပျောက်ကင်းနိုင်သေးတဲ့ အသင်းရဲ့ တောင်ပံကစားသမား ထရက်ဇီဂေးရဲ့နေရာမှာ အစားထိုးသွားချင်နေပါတယ်။ ဗီလာအသင်းဟာ အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး စမစ်ရိုးကိုလည်း အလိုရှိနေပေမယ့် အာဆင်နယ်ဘက်ကတော့ သူတို့ကစားသမားကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေပါတယ်။