ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဖီးလစ်ကော်တင်ဟိုက အခု ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ သူရဲ့မွေးရပ်မြေ ဘရာဇီးလ်ကိုပြန်ပြီး ကလပ်အသင်း တစ်ခုခုမှာ ပါဝင်ကစားဖို့ထက် သူကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကိုသာ ပြန်သွားချင်နေပြီး သူရဲ့ကလပ်အသင်းဟောင်း လီဗာပူးလ်အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းများစွာကလည်း ကော်တင်ဟိုကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Football Espana

အသက်(၂၉)နှစ်အရွှယ်ရှိ ဘရာဇီးလ် တိုက်စစ်ကစားသမား ကော်တင်ဟိုဟာ ၂၀၁၈ခုနှစ်ကတည်းက လီဗာပူးလ်ကနေ ဘာစီလိုနာကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့်လည်း စပိန်မြေမှာ သူရဲ့ပုံစံကောင်းတွေကို ပြသဖို့ ရုန်းကန်နေရသလို အသင်းရဲ့ ပွဲထွက်လူစာရင်းပါ ပါဝင်ရဖို့ ခက်ခဲလို့နေပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းက ကော်တင်ဟိုကို အသင်းကနေ ရောင်းထုတ်သွားဖို့ အစီအစဉ် ရှိလို့နေပြီး ကော်တင်ဟိုကိုလည်း သူရဲ့ အသင်းဟောင်း လီဗာပူးလ် အပါအဝင် အင်္ဂလန် ကလပ်အသင်းတချို့ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ခေါ်ယူချင်နေတယ်လို့ Goal ကနေ ဖော်ပြထားပါတယ်။

Photo Credit : CaughtOffside

ကော်တင်ဟိုဟာ ဒီနှစ်ဘောလုံးရာသီအတွင်း နည်းပြဟောင်း ရော်နယ်ကိုးမန်းလက်ထက် ပွဲကစားခွင့်တွေ ရရှိခဲ့ပေမယ့် နည်းပြသစ် ဇာဗီလက်အောက်မှာတော့ တစ်ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားခဲ့ရပြီး ပွဲအများစုမှာတော့ အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီရာသီအတွင်း ပြိုင်ပွဲစုံ(၁၆)ပွဲမှာ သွင်းဂိုး(၂)ဂိုးသာ သွင်းယူထားနိုင်တဲ့ ကော်တင်ဟိုကို ဘာစီလိုနာဘက်ကနေ အသင်းမှာ ဆက်လက်မထားချင်တော့တာကြောင့် ဆောင်းစျေးကွက်အတွင်း ရောင်းချသွားဖို့ ပြင်ဆင်လာခဲ့ရာ ဘရာဇီးလ် ကလပ်အသင်းတွေကနေ ကော်တင်ဟိုကို ခေါ်ယူဖို့အတွက် ကြိုးပမ်းလာခဲ့တာကြောင့် ကော်တင်ဟိုက သူရဲ့မွေးရပ်မြေမှာ ဘောလုံးသမားဘဝကို ဆက်လက်ဖြတ်သန်းဖို့ထက် အင်္ဂလန်ကိုသာ ပြန်သွားချင်နေပြီး ပရီးမီးယားလိဂ်မှာပဲ ပါဝင်ချင်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကော်တင်ဟိုကို သူရဲ့အသင်းဟောင်း လီဗာပူးလ် လီဗာပူးလ်ရဲ့ ခါးသီးမြို့ခံအသင်း အဲဗာတန်နဲ့ အသင်းဖော်ဟောင်း ဂျရတ်ကိုင်တွယ်နေတဲ့ အက်စတွန်ဗီလာအသင်းတွေကနေ ခေါ်ယူချင်နေကြတယ်လို့ သိရပါတယ်။