ရီးယဲလ် မက်ဒရစ်အသင်းမှာ ပုံမှန် ပွဲကစားခွင့်တွေ ရရှိဖို့ ရုန်းကန်နေရတဲ့ စပိန် ကစားသမား ဘရာဟင် ဒီယက်ဇ်ကို လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် အက်စတွန် ဗီလာအသင်းကနေ စိတ်ဝင်စားလာခဲ့ပြီး ချဉ်းကပ်မှုတွေ ပြုလုပ်လာခဲ့တယ်လို့ သိရပါတယ်။

အသက် (၂၄)နှစ်အရွယ် စပိန် ကွင်းလယ်တိုက်စစ် ကစားသမား ဒီယက်ဇ်ဟာ ရီးယဲလ်ကနေ အေစီမီလန်အသင်းမှာ (၃)နှစ်ဝန်းကျင်လောက်အထိ အငှားနဲ့ သွားရောက်ကစားခဲ့ရင်း ဒီနွေမှသာ ရီးယဲလ်နဲ့ ပြန်လည် ပူးပေါင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Managing Madrid

မာလာဂါ လူငယ် အကယ်ဒမီကနေ မန်စီးတီး လူငယ်အသင်းထိ ရောက်ရှိခဲ့ဖူးတဲ့ ဒီယက်ဇ်ဟာ အေစီမီလန်မှာ အငှားကစားသမားအဖြစ် ကျင်လည်နေစဉ်အတွင်း အကောင်းဆုံး ခြေစွမ်းတွေ ပြသနိုင်ခဲ့လို့ ရီးယဲလ်က သူ့ကို အသင်းထံ ပြန်လည် ခေါ်ယူခဲ့ပေမယ့် လက်ရှိမှာ ဒီယက်ဇ်ရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်နေရပါတယ်။

ဒီယက်ဇ်ဟာ ဒီရာသီမှာ ရီးယဲလ်အတွက် လာလီဂါ နဲ့ ချန်ပီယံလိဂ် (၈)ပွဲ ပါဝင်ထားခဲ့ရပေမယ့်လည်း လာလီဂါ တစ်ပွဲတည်းကိုသာ ပွဲထွက် ကစားသမားအဖြစ် ကစားခွင့်ရခဲ့သလို ကျန်တဲ့ ပွဲတွေမှာတော့ လူစားဝင် ကစားသမားအဖြစ်နဲ့သာ ကစားထားခဲ့ရပါတယ်။

Photo Credit : The Sun

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဒီယက်ဇ်ကို အသင်းဟောင်း အေစီမီလန် အပါအဝင် တခြားသော ကလပ်အသင်းတွေက စိတ်ဝင်စားနေကြပြီး အခုလည်း အူနိုင်း အမ်မရီရဲ့ ဗီလာအသင်းကပါ ဒီယက်ဇ်ကို မျက်စိကျလာခဲ့ပါတယ်။

ဗီလာကလည်း ဒီနွေမှ ခေါ်ယူထားတဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဇာနီအိုလိုက လောင်းကစားမှုကြောင့် ပွဲပယ် ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေတဲ့အတွက် ဒီယက်ဇ်ကို လာမယ့် ဆောင်းဈေးကွက်ထဲမှာ အငှားကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းဖို့ ရှိနိုင်ပြီး အပြီးသတ် ခေါ်ယူနိုင်မယ့် အချက်ကိုပါ ထည့်သွင်း ကမ်းလှမ်းသွားနိုင်ပါတယ်။