ဒီနေ့ ဇွန်လ(၁၇)ရက်နေ့မှာတော့ MySport Myanmar ပရိသတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲကို ပြန်လည်စတင်တော့မှာဖြစ်ပြီး ည(၁၁)နာရီခွဲချိန်မှာပဲ အက်စတွန်ဗီလာနဲ့ ရှက်ဖီးယူနိုက်တက်အသင်းတို့က ပရီးမီးယားလိဂ်ပွဲစဉ်(၂၈) ပွဲကျန်အဖြစ် ကစားကြခဲ့ကြပြီး ဂိုးမရှိသရေပွဲအဖြစ်နဲ့ ပြီးဆုံးသွားခဲ့ရပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဗီလာအသင်းက ၄-၃-၃ ကစားကွက်ကို သုံးစွဲလာခဲ့ပြီး ဂါရီးလစ် ဒါးဗစ် အယ်ဂါဇီ လုဇ် မက်ဂင်း ကွန်ဆာ တားဂတ် မင်းစ် ဟောက်စ်တို့ကို ပွဲထုတ်လာခဲ့ပါတယ်။ ဧည့်သည်ရှက်ဖီးအသင်းမှာတော့ ဘီလီရှတ် လမ်းစထွမ်း နော့ဝုဒ် ဘာ့ဂ် ဟန်ဒါဆန်တို့လို အသင်းရဲ့အမာခံကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းလုံးရဲ့ ကစားပုံက ကွာခြားချက် သိပ်ကြီးကြီးမားမားရှိမနေပဲ အိမ်ရှင်အသင်းကတော့ ရှက်ဖီးဘက်ကို တိုက်စစ်ဆင်တဲ့ အပိုင်းမှာ အကြိမ်ရေ ပိုများအောင် တိုက်စစ်ဆင်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မတ်မှုလည်း ဗီလာက သာလွန်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းပြီးခါနီးမှာ ရှက်ဖီးဘက်က ပြစ်ဒဏ်ဘောကန်ခွင့်ရပြီး ဒီပြစ်ဒဏ်ဘောကို ဗီလာဂိုးသမားနိုင်လန် ကာကွယ်ခဲ့ရာမှာ ဂိုးသမားရော ဘောလုံးပါ ဂိုးပေါက်ထဲကို ဝင်သွားခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ဂိုးအဖြစ်မသတ်မှတ်ပေးခဲ့လို့ ရှက်ဖီးတို့ နစ်နာခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းပြန်လည်စတင်ပြီး မိနစ်အနည်းငယ်အကြာမှာပဲ ဗီလာဘက်ကနေ သွင်းဂိုးရနိုင်လောက်တဲ့ အနီးစပ်ဆုံး အခွင့်အရေးကို ပိုင်ဆိုင်ခဲ့ပေမယ့် ရှက်ဖီးဂိုးသမားလေး ဟန်ဒါဆန်လက်စွမ်းပြ ကာကွယ်သွားနိုင်ခဲ့သလို ဗီလာကပဲ တိုက်စစ်ကို ပိုမိုလိုက်ပါကစားနိုင်ခဲ့ပါတယ်။ နှစ်သင်းလုံးက အခုမှ ဘောလုံးပွဲတွေကို ပြန်လည်ကစားရတာဖြစ်လို့ အရင်လို ကစားပုံမျိုးတွေကို ပြန်လည်မပြသနိုင်ခဲ့တာကြောင့် သွင်းဂိုးတွေပါ ပျောက်ဆုံးခဲ့ရပြီး ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။