ပရီးမီးယားလိဂ်ရဲ့ လူသိများတဲ့ အသင်းတွေထဲက တစ်သင်း ဖြစ်တဲ့ အက်စ်တွန်ဗီလာ အသင်းကတော့ သူတို့အသင်းရဲ့ အားနည်းချက် တစ်ခုလို ဖြစ်နေတဲ့ ဂိုးသမားနေရာ အတွက် မန်ယူအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ အာဂျင်တီးနား ဂိုးသမား ရိုမဲရိုးကို ခေါ်ယူသွားမယ် လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကံကောင်းထောက်မစွာနဲ့ ပရီးမီးယားလိဂ်မှာ တန်းတင်ကျန်ခဲ့တဲ့ အက်စ်တွန်ဗီလာအသင်းဟာ ယခုနှစ် ဘောလုံးရာသီ မှာတော့ အဆိုပါအဖြစ်မျိုးနဲ့ ထပ်မံ မကြုံတွေ့ရစေရန် အတွက် လူအင်အား ဖြည့်တင်းမှုတွေကို လုပ်ဆောင်နေပြီး အားနည်းချက်တွေ ရှိနေတဲ့ အသင်းရဲ့ လက်ရှိ ဂိုးသမား နေရာအတွက် ရိုမဲရိုးကို ခေါ်ယူကာ အားနည်းချက်ကို ဖာထေးဖို့ လုပ်ဆောင်နေတာပါ။

Photo Credit: The Athletic

အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ အာဂျင်တီးနား ဂိုးသမား ရိုမဲရိုးဟာ အီတလီကလပ် ဆမ်ဒိုရီးယားအသင်းကနေ မန်ယူအသင်းထံကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းမှာ ရှိနေတဲ့ ၅နှစ်တာကာလ အတွင်းမှာ ယူရိုပါလိဂ်ဖလား ၊ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတို့ကို ရယူနိုင်ခဲ့သူ တစ်ဦးပါ။ ရိုမဲရိုးဟာ မန်ယူအသင်းမှာ ဒုတိယ ဦးစားပေး ဂိုးသမား အဖြစ် ကာလရှည် ရှိနေခဲ့သူ ဖြစ်ပြီး လက်ရှိမှာတော့ မန်ယူအသင်းထံ လူငယ် ဂိုးသမားလေး ဟန်ဒါဆန် တစ်ယောက် ပြန်ရောက်လာတာကြောင့် ရိုမဲရိုး အနေနဲ့ လာမယ့် ရာသီမှာ ပွဲထွက်ခွင့်ရဖို့ မသေချာတော့ပဲ အသင်းရဲ့ တတိယဦးစားပေး ဂိုးသမားအဆင့်ကို ရောက်ရှိသွားဖွယ် ရှိပါတယ်။ ဒါ့ကြောင့်ပဲ ရိုမဲရိုးဟာ လက်ရှိ နွေစျေးကွက်အတွင်းမှာ မန်ယူအသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတာပါ။

Photo Credit: The Athletic

နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ အက်စ်တွန်ဗီလာအသင်းဟာ ရိုမဲရိုးကို ခေါ်ယူဖို့ အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ စတင် ပြုလုပ် နေပြီး အောင်မြင်မှု ရရှိမယ်လို့လည် ယုံကြည်ထားကြောင်း သိရပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဗီလာအသင်းဟာ ရိုမဲရိုး အတွက် မန်ယူအသင်းဆီကို ပေါင် ၈ သန်း ကနေ ပေါင် ၁၀ သန်း ဝန်းကျင်ကြားမှာ ရှိတဲ့ ကမ်းလှမ်းမှု တစ်ရပ်နဲ့ ကမ်းလှမ်းမယ် လို့ သိရပြီး မန်ယူအသင်းဘက်ကလည်း ရိုမဲရိုးကို ရောင်းချသွားဖို့ အသင့်ဖြစ်နေပါတယ်။ ဒါပေမယ့် ရိုမဲရိုးရဲ့ လုပ်ခလစာ ဖြစ်တဲ့ တစ်ပတ် လုပ်ခ ပေါင် ၁သိန်းဆိုတဲ့ ပမာဏဟာ ဗီလာအသင်းအတွက် အနည်းငယ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီး ရိုမဲရိုးအနေနဲ့ ဗီလာအသင်းထံ ပြောင်းရွှေ့မယ် ဆိုပါက လုပ်ခလစာ လျော့ယူရမယ် လို့ သိရပါတယ်။