ဒီနေ့ည(၇)နာရီ(၄၅)မိနစ်အချိန်မှာတော့ တန်းဆင်းဇုန်ထဲက ရုန်းကန်နေရတဲ့ အက်စတွန်ဗီလာအသင်းနဲ့ ရမှတ််လိုအပ်ချက် မရှိတော့ပဲ ဖိအားကင်းကင်းနဲ့ ကစားနေပြီး ရှံးပွဲတွေလည်းဆက်နေတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၃၅)အဖြစ် ယှဉ်ပြိုင်ကစားခဲ့ပြီး အိမ်ရှင်ဗီလာအသင်းက (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

ဗီလာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ဆမန်သာ ဂရီးလစ် ထရာဇီဂေး ဟောဟိမ်း လုဇ် မက်ဂန်း တေလာ တိုင်ရုန်းမင်းစ် ကွန်ဆာ အယ်အာမန်ဒီတို့ ပါဝင်လာခဲ့သလို ပဲလေ့စ်ကလည်း ဘန်တီကီ ဇာဟာ အယူး မက်စ်အာသာ မီလီယိုချီဗစ် ကူယာတေး ဗန်အန်ဟော့ ဆာခို ဒန်း ဂျိုးဝက်စ် ဂွီတာတို့ ပါဝင်လာခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်တွေအတွင်းမှာ ကစားအားပိုသာတဲ့ ပဲလေ့စ်က ဗီလာထက်သာအောင် ကစားနိုင်ခဲ့ပေမယ့် ဗီလာရဲ့တန်းဆင်းဇုန်ရုန်းအားတွေကလည်း အလုပ်ဖြစ်ခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာပဲ ထရာဇီဂေးက အဖွင့်ဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပဲလေ့စ်ကတော့ ပွဲအစပိုင်းမှာ ဆာခိုခေါင်းတိုက်ပြီး ဂိုးသွင်းယူခဲ့ပေမယ့် လက်နဲ့ထိတယ်ဆိုပြီး ဒိုင်လူကြီးက သွင်းဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်စပြီး ဆယ်မိနစ်လောက်အကြာမှာလည်း ထရာဇီဂေးကပဲ ဗီလာအတွက် အနိုင်သေချာစေမယ့် နောက်ထပ်သွင်းဂိုး(၁)ဂိုးကို ထပ်မံသွင်းယူခဲ့ပြီး ပဲလေ့စ်ကို အပြတ်အသတ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ရရှိထားခဲ့တဲ့ အဖိုးတန်သွင်းဂိုးတွေကို ပွဲချိန်ပြည့်ထိ ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ပြီး Clean Sheet နိုင်ပွဲကိုပါ ပုံဖော်သွားခဲ့တဲ့ ဗီလာအသင်းစာ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ မျှော်လင့်ချက်ပိုကောင်းလာခဲ့ရပါတယ်။