နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်(၂)ပွဲဆက် ရှံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပြီး တန်းဆင်းဇုန်ကနေ လွတ်မြောက်ရအောင် ရုန်းထွက်နေတဲ့ အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်ကနေ ဘာမျှော်လင့်ချက်မှ မရှိတော့တဲ့ အာဆင်နယ်အသင်းတို့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၇)အဖြစ် ဒီနေ့ညမှာ ဗီလာပတ်ကွင်းအတွင်း ရင်ဆိုင်ကစားခဲ့ကြရာ ဗီလာအသင်းက တစ်ဂိုးတည်းနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

လီဗာပူးလ် မန်စီးတီးတို့ကို ဆက်တိုက်အနိုင်ယူထားတဲ့ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ကနေ အမှတ်လိုအပ်ချက် မျှော်လင့်ချက်တွေ မလိုအပ်တော့တာကြောင့် လူထုတ်ပုံ အပြောင်းအလဲတွေ လုပ်ဆောင်လာခဲ့ပြီး နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြထားတဲ့ ချာကာကိုလည်း လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။ လူစာရင်းမှာတော့ အူဘာမီယန်း လာကာဇက် ဆာခါ စီဘယ်ယို့စ်တို့လို ကစားသမားကောင်းတွေ ပါဝင်လာခဲ့ပေမယ့်လည်း ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှမရှိခဲ့တဲ့အထိ ကစားပုံက စိတ်ပျက်စရာ ဖြစ်နေခဲ့ရပြီး ကြိုးစားအားထုတ်မှုတွေကလည်း နည်းပါးလွန်းနေပါတယ်။ ဗီလာကတော့ သူတို့ရုန်းအားတွေကို ပြသနိုင်ခဲ့ပြီး ပွဲကစားချိန် (၂၇)မိနစ်မှာပဲ တောင်ပံကစားသမား ထရက်ဇီဂေးရဲ့မြေမကျကန်ချက်နဲ့ လိုအပ်နေတဲ့ ဦးဆောင်ဂိုးကို စတင်ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းအစမှာပဲ အာဆင်နယ်တို့ ချာကာကိုထည့်သွင်းပြီး ကွင်းလယ်ပိုင်းကို အပြောင်းအလဲလုပ်ဆောင်ခဲ့ပေမယ့်လည်း တိုက်စစ်ပိုင်းကတော့ ထူးခြားမှုမရှိလာခဲ့ပဲ ပွဲပယ်ပြစ်ဒဏ် ကင်းလွတ်သွားလို့ ပွဲထွက်ကစားခဲ့ရတဲ့ အန်ခီတီယာမှာလည်း အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ဘာမှအကျိုးမပြုနိုင်ခဲ့ပါဘူး။ ပေပေပါ ဝင်ရောက်လာပြီးနောက်မှာတော့ အာဆင်နယ်တိုက်စစ်ပိုင်း ကောင်းလာခဲ့ပေမယ့်လည်း ထိရောက်မှုအပိုင်းမှာတော့ အားနည်းနေဆဲ ဖြစ်နေရပါတယ်။ ဗီလာကလည်း အကောင်းဆုံးကစားဟန်နဲ့ အာဆင်နယ်ရဲ့တိုက်စစ်ကို အကျစ်လစ်ဆုံး ခံစစ်ပုံစံနဲ့ ခံကစားနိုင်ခဲ့လို့ အခွင့်အရေးရလာခဲ့ရင်လည်း ကောင်တာတိုက်စစ်တွေနဲ့ အာဆင်နယ်ဘက်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်သင်းလုံး သွင်းဂိုးတွေမသွင်းနိုင်တော့လို့ ဗီလာကပဲ အနိုင်ရသွားကာ ဝက်ဖိုဒ့်ရဲ့ရှံးပွဲကိုလည်း အခွင့်ကောင်းယူထားနိုင်ခဲ့ပါတယ်။