MySport Myanmar

ကော်တင်ဟိုကို အသင်းကနေ ပြန်လည် ရောင်းထုတ်သွားချင်နေတဲ့ ဗီလာ

အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့နှစ် ဆောင်းဈေးကွက်ကမှ ဘာစီလိုနာအသင်းကနေ ခေါ်ယူထားခဲ့တဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဖီလစ်ပီကော်တင်ဟိုကို လာမယ့် ဇန်နဝါရီလ ဈေးကွက်ဖွင့်ချိန်မှာပဲ အသင်းကနေ ပြန်လည် ရောင်းထုတ်သွားချင်နေတယ်လို့ Football Insider ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Mercato

အသက်(၃၀)အရွယ်ရှိ ဘရာဇီးလ် လက်ရွေးစင်ဟောင်း စူပါစတား ကစားသမား ကော်တင်ဟိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဆောင်းဈေးကွက်မှာ ဘာစီလိုနာကနေ ဗီလာအသင်းဆီကို ရာသီကုန်အငှား+အပြီးသတ်ခေါ်ယူခွင့်တို့နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ရာသီဝက်အတွင်းမှာပဲ (၁၉)ပွဲကစားကာ (၅)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဗီလာအတွက် အထင်ကြီးလောက်စရာ ခြေစွမ်းမျိုး ပြသနိုင်ခဲ့တဲ့ ကော်တင်ဟိုကို ဗီလာဘက်က ပေါင်(၁၇)သန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့ပြီး ၂၀၂၆ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ ကော်တင်ဟိုက ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို သွင်းဂိုး တစ်ဂိုးမှ မသွင်းနိုင်သေးပဲ ဖြစ်နေရပါတယ်။

Photo Credit : Twitter

ကော်တင်ဟိုက ဒီရာသီအတွင်း ဗီလာအတွက် ပရီးမီးယားလိဂ်နဲ့ လိဂ်ဖလားပြိုင်ပွဲတွေမှာ (၁၃)ပွဲ ပါဝင်ကစားခဲ့ပြီး (၇)ပွဲကို ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရပေမယ့် အသင်းအတွက် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ဘာမှ မလုပ်ဆောင်နိုင်သေးသလို လက်ရှိမှာလည်း တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပါတယ်။ ကွင်းလယ်တိုက်စစ်နေရာနဲ့ ဘယ်တောင်ပံအပိုင်းတွေမှာ ပါဝင်ကစားတတ်သူ လီဗာပူးလ် ကစားသမားဟောင်း ကော်တင်ဟိုဟာ လက်ရှိအချိန်မှာ သူရဲ့ ခြေစွမ်းပိုင်းကို အတည်ငြိမ်ဆုံးပုံစံ ဖြစ်နေအောင် မထိန်းသိမ်းထားနိုင်တဲ့အတွက် ဗီလာအသင်းဘက်က စိတ်ပျက်လာခဲ့ရပြီး အပြီးသတ် ခေါ်ယူထားတာ လပိုင်းအကြာမှာပဲ သူ့ကို အသင်းကနေ ပြန်လည် ရောင်းထုတ်သွားချင်နေပါတယ်။ ဒါ့အပြင် ဗီလာက အခုဆိုရင် ကော်တင်ဟိုကို ဗီလာအသင်းဆီ ခေါ်ဆောင်ထားခဲ့တဲ့ နည်းပြ စတီဗင်ဂျရတ်နဲ့လည်း လမ်းခွဲထားခဲ့ပြီး အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီကို ပြောင်းလဲ ခန့်အပ်ထားတာကြောင့် ကော်တင်ဟိုရဲ့ ဗီလာ ကစားသမားဘဝက ပိုမို မရေမရာ ဖြစ်လာခဲ့ရပါတယ်။ အမ်မရီအနေနဲ့ ဆောင်းဈေးကွက်မှာ သူ့စိတ်ကြိုက် ကစားသမားတွေကို အသင်းဆီ ခေါ်ဆောင်ချင်နေတာကြောင့်လည်း အသင်းမှာ ရုန်းကန်နေရတဲ့ ကော်တင်ဟိုလို ကစားသမားတွေကို ထုတ်ရောင်းပြီး အသင်းဘက်ဂျတ် ရှာဖွေဖွယ် ရှိလာနိုင်ပါတယ်။

Exit mobile version