စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်အသင်းနဲ့အတူ အီတလီစီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ ဝါရင့်နောက်ခံအစွန်လူကြီး အက်ရှ်လေယန်းဟာ ဒီဇွန်လအကုန်မှာပဲ အင်တာမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရမှာဖြစ်လို့ သူ့ကို ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလျက်ရှိနေသလို လတ်တလောမှာလည်း ပရီးမီးယားလိဂ်ကလပ် ဘန်လေအသင်းက အက်ရှ်လေယန်းကို အရခေါ်ယူသွားဖို့ စီစဉ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Mirror

အသက်(၃၅)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်းကြီး အက်ရှ်လေယန်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ နှစ်အစောပိုင်းလောက်ပဲ မန်ချက်စတာယူနိုက်တက်အသင်းကနေ အင်တာမီလန်အသင်းဆီ ကာလတိုစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စီးရီးအေမှာ ခပ်မြန်မြန် အထိုင်ကျခဲ့တဲ့ ယန်းကို အင်တာဘက်ကနေ တစ်နှစ်သက်တမ်းတိုးခဲ့ပါတယ်။ ယန်းဟာ အင်တာမှာ ပွဲကစားခွင့်တွေ အထိုက်အလျောက် ရရှိခဲ့သလို အသင်းနဲ့လည်း အမှတ်ပေးချန်ပီယံဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပေမယ့် နည်းပြအပြောင်းအလဲ ဖြစ်ထားမှုကြောင့် သူရဲ့အနာဂတ်က မရေမရာ ရှိလာနိုင်တဲ့အတွက် အသင်းနဲ့ ထပ်မံသက်တမ်းတိုးဖို့က မရေမရာ ဖြစ်နေရတာဖြစ်လို့ ဒီအခြေအနေကို ဘန်လေအသင်းဘက်ကနေ စောင့်ကြည့်လို့နေတာဖြစ်ပါတယ်။

Photo Credit : Mirror

ဘန်လေအသင်းရဲ့ နည်းပြဖြစ်သူ ရှောင်ဒိုက်ဟာ ဝက်ဖိုဒ့်အသင်းကို နည်းပြအဖြစ်နဲ့ ဆောင်ရွှက်ခဲ့စဉ်တုန်းက အက်ရှ်လေယန်းနဲ့ လက်တွဲခဲ့ဖူးတဲ့အပြင် ယန်းကိုပါ အသင်းရဲ့ အသင်းခေါင်းဆောင်တာဝန်ကို ပေးအပ်ထားခဲ့ဖူတာကြောင့် အခုအချိန်မှာလည်း သူရဲ့တပည့်ဟောင်းနဲ့ ပြန်လည်လက်တွဲချင်နေတာဖြစ်ပါတယ်။ ဘန်လေအသင်းအနေနဲ့ ယန်းကို တစ်နှစ်စာချုပ်ချုပ်ဆိုသွားဖို့ရှိနေပြီး တစ်နှစ်ထပ်မံ တိုးမြင့်ခွင့်ကိုလည်း ထည့်သွင်းကမ်းလှမ်းဖို့ ရှိနေပါတယ်။ ယန်းဟာ အင်တာမီလန်အသင်းမှာ တစ်ရာသီအတွင်း ပြိုင်ပွဲစုံပွဲပေါင်း(၃၀)ကျော်လောက် ပါဝင်ခဲ့ရပေမယ့် ပွဲအတော်များများမှာ ပွဲချိန်ပြည့် ဒါမှမဟုတ် ပွဲထွက်ကစားခွင့်တွေက နည်းပါးနေရသလို နည်းပြကွန်တီကနေ နည်းပြအင်ဇာဂီ ပြောင်းလဲကိုင်တွယ်မှာ ဖြစ်တဲ့အတွက် သူရဲ့ကစားခွင့်တွေကလည်း အကန့်အသတ်တွေ ပိုရှိလာနိုင်တာကြောင့် အင်တာနဲ့ စာချုပ်သက်တမ်းတိုးဖို့ထက် အင်္ဂလန်မြေကိုသာ ပြန်သွားချင်နေတာဖြစ်ပါတယ်။ ယန်းကို သူရဲ့ပထမဆုံးကလပ် ဖြစ်ခဲ့တဲ့ ဝက်ဖိုဒ့်အသင်းဘက်ကနေလည်း ကမ်းလှမ်းမှုတွေ ရှိနေသလို ဆရာဟောင်း ရှောင်ဒိုက်နဲ့ ဘန်လေကလည်း အလိုရှိနေတာကြောင့် ယန်းအနေနဲ့ စီးရီးအေကနေ ပရီိးမီးယားလိဂ်ဆီ တကျော့ပြန် ရောက်ရှိလာဖွယ် ရှိနေပါတယ်။