ချယ်လ်ဆီး အသင်းအနေနဲ့ ရှက်ဖီးလ်ယူနိုက်တက် ကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့တဲ့ ကစားသမား အများအပြားရှိခဲ့ပြီးတော့ ထိုအထဲကမှ ဟာကင်း ဇီးရက်ရှ်ရဲ့ ခြေစွမ်းက အထူးတလည်ချီးကျူး ထိုက်နေတာ ဖြစ်ပါတယ်။ ချယ်လ်ဆီး ကစားသမားဟောင်း အက်ရှလေကိုးကတော့ သူသာ ချယ်လ်ဆီးမှာ ကစားဖြစ်နေသေးရင် ဟာကင်းဇီးရက်ရှ် နဲ့ တွဲဖက်ကစားချင်တယ်လို့ ဆိုလိုက်ပါတယ်။ ဟာကင်းဇီးရက်ရှ်ဟာ နွေရာသီအပြောင်း‌အရွှေ့ကမှ အေဂျက်အသင်းကနေ ချယ်လ်ဆီးကို ပေါင် ၃၃.၄ သန်း နဲ့ ရောက်ရှိလာတဲ့ ကစားသမား ဖြစ်ပါတယ်။

Photo Credit: Mirror

ဇီးရက်ရှ်ဟာ ရှက်ဖီးလ်နဲ့ ပွဲစဉ်မှာ ဘန်ချီဝဲလ် ရဲ့ သွင်းဂိုးနဲ့ သီရာဂိုဆေးဗားလ် ရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဇီးရက်ရှ်သာ ယခုပုံစံအတိုင်း ဆက်ကစားနိုင်ခဲ့ရင် အေဘရာဟန်၊ တီမိုဝါနာ၊ ကိုင်ဟာဗက်ဇ် နဲ့ ခရစ်ရှန်ပူလီစစ် အတွက်‌တို့တော့ အခွင့်အရေးတွေ ပိုမို ရရှိလာမှာ ဖြစ်ပါတယ်။ ဇီးရက်ရှ်ဟာ လက်ရှိ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်း အတွက် ၄ပွဲသာ ကစားထားရပေမယ့် ၁ဂိုး သွင်းယူပေးခဲ့ကာ ၃ဂိုးအထိ ဖန်တီးပေးထားပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင် နောက်ခံလူ တစ်ဦးဖြစ်တဲ့ အက်ရှလေကိုးကတော့ ဇီးရက်ရှ်ရဲ့ စွမ်းဆောင်ရည်ကို အထူးတလည် ချီးကျုးသွားခဲ့ပါတယ်။

Photo Credit: Mirror

“ ညာဖက်ခြမ်းမှာ ကစားရတာက အတော်ကောင်းတယ်။ ဇီးရက်ရှ်သာ သူ့ဘယ်ခြေထဲမှာ ဘောလုံးရောက်သွားရင် အဲ့ဒါက နောက်ကနေ ပြေးထွက်ဖို့ အချက်ပြတာပဲ။ သူက တကယ်တော်တဲ့ ကစားသမားပါ။ ကျွန်တော်သာ ဇီးရက်ရှ်နဲ့ ကစားရရင် ကျွန်တော် နောက်ကနေ ပြေးထွက်ဖို့ပဲ အမြဲနေရာ ရှာဖွေနေမှာပါ။ ဘာလို့လဲဆိုရင် သူက ဘောလုံးခင်းပေးတာ တော်လို့ပါ။ သူ့ဘယ်ခြေထဲမှာ ဘောလုံးသာရှိရင် ခင်ဗျား အနေနဲ့ တိုက်စစ်ဆင်လို့ ရပါပြီ။ ကျွန်တော့် အတွက်တော့ ဇီးရက်ရှ်လို အရည်အချင်းမျိုးနဲ့ တွဲကစားချင်ပါတယ်။ ကျွန်တော် လမ်းပတ် လို ကစားသမား မျိုးနဲ့ တွဲကစားရတာကိုလည်း သဘောကျခဲ့ပါတယ် ” ဆိုပြီး အက်ရှလေကိုးက ချီးကျူး သွားခဲ့ပါတယ်။