MySport Myanmar

ရီးရဲလ်မက်ဒရစ် ကနေ ပီအက်စ်ဂျီဆီ အလွတ်နဲ့ ပြောင်းဖို့ ဆွေးနွေးနေတဲ့ အဆန်စီယို

စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ အဆန်စီယိုက ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် ဆွေးနွေးမှုတွေကို ရပ်ဆိုင်းကာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၇နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား အဆန်စီယိုက ၂၀၁၆ခုနှစ်မှာ အက်စ်ပန်ညို ကနေ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပြီး သူနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Goal

အဆန်စီယိုက ညာတောင်ပံ ၊ ဘယ်တောင်ပံ ၊ ကွင်းလယ်တိုက်စစ်နဲ့ နောက်ချန်တိုက်စစ် စတဲ့ နေရာတွေမှာ ကစားနိုင်စွမ်း ရှိသလို ယခုနှစ် ဘောလုံးရာသီမှာ သူက ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၅၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

အဆန်စီယိုရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ရီးရဲလ်မက်ဒရစ်က သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားခဲ့ပေမယ့် အဆန်စီယိုက သူ့ရဲ့ လုပ်ခလစာကို သဘောမကျတာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေကို ရပ်တန့်ကာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့ ကြိုးစားနေပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အဆန်စီယိုက ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် မချုပ်တော့ပဲ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာဖို့ ယတိပြတ် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကာ ပီအက်စ်ဂျီ အပါအဝင် ဥရောပရဲ့ အင်အားကြီးအသင်းတွေက အဆန်စီယိုကို ခေါ်ယူရန် ကြိုးစားနေကြကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် ဂျူလီယန် လော်ရန်ကလည်း အဆန်စီယိုဟာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာပြီးနောက် ပီအက်စ်ဂျီထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ပီအက်စ်ဂျီကလည်း အဆန်စီယိုရဲ့ တောင်းဆိုချက်တွေကိုပါ ဖြည့်ဆည်းပေးဖို့ ပြင်ဆင်ထားကြောင်း ဆိုပါတယ်။

Exit mobile version