MySport Myanmar

လီဗာပူးလ်အသင်းထက် အေစီမီလန်ကိုသာ ရွေးချယ်သွားချင်နေတဲ့ အဆန်စီယို

ရီးယဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိနေတော့ပြီး အနာဂတ် အခြေအနေလည်း မရေမရာ ဖြစ်နေရတဲ့ စပိန်တောင်ပံကစားသမား မာကိုအဆန်စီယိုက သူသာ ရီးယဲလ်ကနေ ထွက်ခွာဖြစ်မယ်ဆိုရင် လီဗာပူးလ်အသင်းထက် စီးရီးအေရဲ့ လက်ရှိချန်ပီယံ အေစီမီလန်အသင်းကိုသာ ပိုမိုရွေးချယ်သွားချင်နေတယ်လို့ စပိန်သတင်းစာ SPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : BeSoccer

အသက်(၂၆)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင် ကစားသမား အဆန်စီယိုဟာ ၂၀၁၅ခုနှစ်ကမှ အက်စပန်ညိုကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား (၃)ကြိမ် အပါအဝင် အောင်မြင်မှုတွေကို ရယူထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ရီးယဲလ်အတွက် ပြိုင်ပွဲစုံ (၄၂)ပွဲအထိကို ပါဝင်ထားခဲ့ရတဲ့ အဆန်စီယိုဟာ လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်ရှိနေတော့သလို သူ့ကိုလည်း အသင်းကနေ ရောင်းချသွားဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းမှာက သူရဲ့ ပွဲကစားခွင့်အတွက် အာမခံချက် သိပ်မရှိတာကြောင့် အသင်းအပြောင်းအလဲ လုပ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။

Photo Credit : The Real Champ

အခုလို အနာဂတ် မရေမရာ ဖြစ်နေရတဲ့ အဆန်စီယိုကို လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေ အပါအဝင် အင်တာမီလန် အေစီမီလန်နဲ့ ရိုးမားတို့လို စီးရီးအေကလပ်အသင်းတွေကလည်း ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြပါတယ်။ လတ်တလောမှာတော့ အဆန်စီယိုကို လီဗာပူးလ်နဲ့ အေစီမီလန်အသင်းတွေက ခေါ်ယူနိုင်ဖို့ ရေပန်းစားဆုံး ဖြစ်လို့နေရပြီး အဆန်စီယိုကိုယ်တိုင်ကတော့ ပွဲထွက်ခွင့်နဲ့ ပတ်သက်ပြီး ပုံမှန်နေရာ တစ်နေရာကို ရရှိဖို့ ခက်ခဲနိုင်မယ့် လီဗာပူးလ်အသင်းထက် သူ့ကို ပိုမိုနေရာပေးနိုင်မယ့် အေစီမီလန်ကိုသာ ရွေးချယ်သွားချင်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ စပိန်လက်ရွေးစင်အသင်းနဲ့လည်း UEFA Nations League ပွဲစဉ်တွေကို ဆင်နွဲထားပြီးတဲ့ အဆန်စီယိုဟာ သူရဲ့အားလပ်ရက်ကို ဖြတ်သန်းနေတာဖြစ်ပြီး မကြာခင်မှာပဲ သူရဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး ရီးယဲလ်အသင်းနဲ့ အသေအချာ ဆွေးနွေးသွားမယ်လို့ သိရှိရပါတယ်။ တကယ်လို့ စာချုပ်သက်တမ်း တိုးမရတော့လို့ ရီးယဲလ်အသင်းက အခုနှစ်ဈေးကွက်ထဲ အဆန်စီယိုကို ရောင်းချမယ်ဆိုရင်တော့ cut-price တန်ကြေးနဲ့ ရောင်းရတော့မှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၀)ဝန်းကျင်လောက်နဲ့ ရောင်းချရဖွယ် ရှိနေပါတယ်။ အဆန်စီယို ရွေးချယ်ဖွယ် ရှိနေတဲ့ မီလန်အသင်းဟာ ရီးယဲလ် ကစားသမား အများအပြားကို ခေါ်ယူထားခဲ့ဖူးသလို အခုလည်း အဆန်စီယိုကို ခေါ်ယူနိုင်ဖို့က အခြေအနေ အကောင်းဆုံး ဖြစ်နေရပါတယ်။

Exit mobile version