အီတလီစီးရီးအေ ထိပ်သီးကလပ် ရိုးမားအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် အတောက်ပဆုံး ခြေစွမ်းတွေနဲ့ ခြေစွမ်းပြပြီး သွင်းဂိုးတွေကို သွင်းယူပေးနေတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ကို ကလပ်အသင်းများစွာက ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ကြပေမယ့်လည်း ရိုးမားအသင်းဘက်က သူတို့ရဲ့ အဓိက ကစားသမားဖြစ်တဲ့ အေဘရာဟမ်ကို ရောင်းထုတ်သွားဖို့ လုံးဝကို ဆန္ဒမရှိဘူးလို့ သိရှိရပါတယ်။

Photo Credit : Sky Sports

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား အေဘရာဟမ်ဟာ ချယ်လ်ဆီးအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ဘရစ္စတိုးလ် ဆွမ်ဆီးနဲ့ အက်စတွန်ဗီလာအသင်းတွေမှာ အငှားသွားရောက်ကစားခဲ့ရသလို ချယ်လ်ဆီးအတွက်လည်း ပွဲပေါင်း(၈၂)ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၃၀) သွင်းယူနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးဘက်က တိုက်စစ်ပိုင်းအတွက် ကစားသမားဟောင်း လူကာကူကို ပြန်လည်ခေါ်ယူလိုက်ချိန်မှာ အေဘရာဟမ်ကို ရိုးမားအသင်းဆီ ပေါင်(၃၄)သနး်နဲ့ ရောင်းချခဲ့ပြီး အေဘရာဟမ်ကလည်း သူ့အတွက် နယ်မြေသစ် ဖြစ်နေရတဲ့ စီးရီးအေမှာ မထင်ထားလောက်အောင်ကို အံ့ဝင်ခဲ့ပြီး (၂၉)ပွဲမှာ (၁၅)ဂိုး သွင်းယူထားသလို ပြိုင်ပွဲစုံမှာလည်း (၂၃)ဂိုးထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : The Laziali

ကစားသမားဘဝအတွင်း အကောင်းဆုံး စွမ်းဆောင်ရည်မျိုးကို ပြသနေတဲ့ အေဘရာဟမ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတွေကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာချိန်မှာ ရိုးမားအသင်းကလည်း သူတို့ကစားသမားကို ပေါင်သန်း(၁၀၀)အထိပါ တန်ကြေးသတ်မှတ်ခဲ့ပါတယ်။ တကယ်တော့ ရိုးမားအသင်းဟာ အသင်းအတွင်း ဘဏ္ဍာရေး အရှုံးပေါ်နေတဲ့ ကိစ္စရပ်တွေ ရှိနေသည့်တိုင်အောင် အေဘရာဟမ်ကို အသင်းကနေ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိသလို အေဘရာဟမ်ကိုယ်တိုင်ကလည်း နည်းပြကြီး မော်ရင်ဟိုနဲ့ တွဲဖက်အလုပ်လုပ်နေရမှု ရောမမြို့မှာ နေထိုင်နေရမှုတို့အပေါ် ပျော်ရွှင်နေတာကြောင့် ရောမကနေ အင်္ဂလန်ကို ပြန်လာဖို့က ဖြစ်နိုင်ခြေ နည်းလွန်းနေပါတယ်။ ရိုးမားအသင်းဟာ လက်ရှိမှာ စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာမှာ ရပ်တည်နေပြီး Top 4 အတွင်း ဝင်ရောက်နိုင်ဖို့က မလွယ်ကူနိုင်ပေမယ့်လည်း တစ်ဖက်မှာလည်း UEFA ယူရိုပါကွန်းဖရန့်စ်လိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ထိ တတ်လှမ်းထားခဲ့ရတာဖြစ်လို့ ဆုဖလားမျှော်လင့်ချက်လည်း ရှိနေသေးသလို အသင်းရဲ့ Key Player အေဘရာဟမ်ရဲ့ သွင်းဂိုးတွေကိုလည်း လာမယ့်ပွဲစဉ်တွေမှာ ဆက်လက်မြင်တွေ့ရဖွယ် ရှိနေပါတယ်။