ဂျုဗင်တပ်စ်နဲ့ အေစီမီလန်အသင်းတွေရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ မက်စ်အယ်လီဂရီကတော့ နည်းပြသစ်တစ်ဦးကို ရှာဖွေနေတဲ့ စပါးအသင်းရဲ့ ကမ်းလှမ်းလာမှုကို ငြင်းဆန်ပယ်ချသွားခဲ့တယ်လို့ စပိန်အခြေစိုက် AS သတင်းစာကနေ ဖော်ပြလာခဲ့ပြီး အယ်လီဂရီအနေနဲ့ ဇီဒန်းနဲ့ လက်တွဲဖြုတ်ဖွယ်ရှိနေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီကိုသာ ရောက်ရှိလာဖို့ ပိုဖြစ်နိုင်ခြေရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Football-Espana

ဂျုဗင်တပ်စ်အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ၂၀၁၉ခုနှစ်နောက်ပိုင်းကတည်းကနေ အခုချိန်ထိ အသင်းလက်မဲ့ ဖြစ်လို့နေသေးတဲ့ အီတလီလူမျိုး နည်းပြအယ်လီဂရီဟာ လာမယ့်ဘောလုံးရာသီမှာပဲ ဘောလုံးနယ်ပယ်ထဲကို ပြန်လည်ဝင်ရောက်လာဖို့ အဆင့်သင့်ဖြစ်လို့နေပြီး လက်ရှိမှာလည်း ကလပ်အသင်းများစွာရဲ့ ကမ်းလှမ်းမှုတွေကိုပါ လက်ခံရရှိလို့နေပါတယ်။ သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲမှာ စပါးအသင်းကလည်း ပါဝင်လို့နေပြီး အသင်းကို လာမယ့်ရာသီကနေ စတင်ပြီး ကိုင်တွယ်ပေးသွားဖို့အတွက် ကမ်းလှမ်းခဲ့ပေမယ့် အယ်လီဂရီဘက်ကတော့ ဒီကမ်းလှမ်းမှုကို ပယ်ချသွားခဲ့တယ်လို့ AS ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Calcio News 24

စီးရီးအေရဲ့ နာမည်ကျော် နည်းပြတစ်ယောက်ဖြစ်တဲ့ အယ်လီဂရီကို စပါးအပြင် သူရဲ့လန်ဒန်မြို့ခံအသင်းဖြစ်တဲ့ အာဆင်နယ်ကလည်း စိတ်ဝင်စားနေပြီး အသင်းဟောင်း ဂျုဗင်တပ်စ် နာပိုလီတို့လို စီးရီးအေကလပ်အသင်းတွေကလည်း အယ်လီဂရီကို နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့် အယ်လီဂရီရဲ့ အသင်းသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေရတဲ့ ကလပ်အသင်းက ရီးယဲလ်မက်ဒရစ် ဖြစ်နေပါတယ်။ ရီးယဲလ်အသင်းဟာ ဒီနှစ်ရာသီအကုန်မှာ နည်းပြဇီဒန်းနဲ့ လက်တွဲဖြုတ်ရဖွယ် ရှိလို့နေပြီး တကယ်လို့များ ဇီဒန်းနဲ့ လမ်းခွဲဖြစ်ခဲ့မယ်ဆိုရင် သူရဲ့နေရာမှာ အယ်လီဂရီနဲ့ အစားထိုးသွားဖို့ အဆင့်သင့်ရှိနေတာဖြစ်ပါတယ်။ အီတလီအခြေစိုက် La Gazzetta dello Sport ရဲ့ ဖော်ပြချက်ထဲမှာလည်း ရီးယဲလ်အသင်းဟာ အယ်လီဂရီကို သူတို့ရဲ့နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့အတွက် ယူရို(၁၀)သန်း တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းထားတယ်လို့ သိရှိရပါတယ်။ အယ်လီဂရီကို ခေါ်ယူဖို့ မလွယ်ကူတော့တဲ့ စပါးအသင်းကတော့ ဒေါ့မွန်အသင်းမှာ ယာယီနည်းပြအဖြစ် တာဝန်ယူဆောင်ရွှက်နေတဲ့ နည်းပြအက်ဒင်တာဇစ်ကိုပါ နည်းပြသစ်အဖြစ် ပစ်မှတ်ထားနေပြီး ဆက်သွယ်မှုတွေပါ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ တာဇစ်ဟာ ဒေါ့မွန်အသင်းကို ဂျာမန်ပိုကယ်ဖလားရော ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သူဖြစ်ပါတယ်။