ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားအာသာမယ်လိုကတော့ လက်ရှိမှာ သူရဲ့မွေးရပ်မြေ ဘရာဇီးနိုင်ငံကို ပြန်လည်ရောက်ရှိနေတာဖြစ်ပြီး အာသာကို သူရဲ့ကလပ်အသင်း ဘာစီလိုနာက မကြာခင်မှာ ယှဉ်ပြိုင်ကစားရတော့မယ့် ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ဆေးစစ်မှုတွေနဲ့ လေ့ကျင့်ခန်းဆင်းမှုတွေ လုပ်ဆောင်တော့မှာဖြစ်လို့ အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ အသိပေးခဲ့ပေမယ့်လည်း အာသာကတော့ အသင်းဆီ ပြန်လာဖို့ ငြင်းဆန်ခဲ့ပြီး အသင်းနဲ့ ပူးပေါင်းတော့မှာမဟုတ်ဘူးလို့ ပြန်လည်တုန့်ပြန်လာခဲ့ပါတယ်။

Photo Credit : FC Barcelona Nocitias

အသက်(၂၃)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် ကွင်းလယ်ကစားသမား အာသာမယ်လိုဟာ သိပ်မကြာသေးခင်ကမှ ဘာစီလိုနာအသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၆၆)သန်းနဲ့ ပြောင်းရွှေ့ထားခဲ့တာဖြစ်ပေမယ့် အာသာအနေနဲ့ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ကစားပြီးမှသာ ဂျုဗင်တပ်စ်အသင်းနဲ့ ပူးပေါင်းခွင့်ရမှာဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြဆယ်တီယန်က စပိန်လာလလီဂါပြိုင်ပွဲ ပြီးဆုံးသွားချိန်မှာ အသင်းသားတွေအားလုံးက ရက်ပိုင်းလေး အနားပေးခဲ့တာကြောင့် ကစားသမားတချို့က နေရပ်တွေကို ပြန်သွားခဲ့ရာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းရှိနေသေးတဲ့ အာသာကလည်း နားရက်အတွင်းမှာ သူရဲ့ဘရာဇီးနိုင်ငံကို ပြန်သွားခဲ့ပါတယ်။

Photo Credit : Football Espana

ဘာစီလိုနာအသင်းဟာ နာပိုလီအသင်းနဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့်ပွဲစဉ်ကို မယှဉ်ပြိုင်ခင်မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးမှုတွေနဲ့ လုပ်ဆောင်ရဖွယ်ရှိနေပြီး စစ်ဆေးမှုပြီးရင်တော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်လို့ အားရက်အတွင်း အနားယူနေတဲ့ အသင်းသားတွေအကုန်ကို အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ အသိပေးလာခဲ့ပေမယ့် အာသာမယ်လိုက အသင်းဆီကို ပြန်လာမှာမဟုတ်ကြောင်း ပြန်လည်အသိပေးခဲ့ပါတယ်။ အာသာရဲ့တုန့်ပြန်ချက်အပေါ် ဒေါသထွက်ခဲ့ရတဲ့ ဘာစီလိုနာအသင်းက သတ်မှတ်ထားတဲ့ ရက်အတွင်း အသင်းနဲ့ ပြန်လည်မပူးပေါင်းဘူးဆိုရင် ဒဏ်ငွေရိုက်မှုတွေ ပြုလုပ်မယ်လို့ သတိပေးလာခဲ့ပေမယ့်လည်း အာသာကတော့ သူရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြင်မှာမဟုတ်ဘူးလို့ တုန့်ုပြန်လာခဲ့တယ်။ အာသာဟာ ၂၀၁၈ခုနှစ်ကမှ ဘရာဇီးကလပ် ဂရီမဲလ်ရိုးအသင်းကနေ ယူရိုသန်း(၄၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ပြိုင်ပွဲစုံ (၇၂)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ ဒီရာသီ နည်းပြဆယ်တီယန်ရဲ့လက်အောက်မှာတော့ ပွဲထွက်ခွင့်တွေ အရမ်းနည်းပါးလာခဲ့ရတာကြောင့် အသင်းနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။