စပိန်အင်အားကြီးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ အီတလီ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းတို့ဟာ သူတို့နှစ်သင်းရဲ့ ကွင်းလယ် ကစားသမားတွေ ဖြစ်ကြတဲ့ အာသာနဲ့ ပီယာနစ်တို့ကို အလဲအထပ် လုပ်ဖို့ ဆွေးနွေးနေတဲ့ ကိစ္စရပ်တွေဟာ အတော်လေး တိုးတက် နေပြီ လို့ သိရှိရပါတယ်။ ဂျူဗင်တပ်အသင်း ဟာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်လူ အာသာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတာ ဖြစ်ပြီး တစ်ဖက်မှာလည်း ဘာစီလိုနာအသင်းဟာ ရိုးမား အသင်းကနေ ဂျူဗင်တပ်အသင်းထံကို ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူ ပီယာနစ်ကို ကာလရှည် စိတ်ဝင်စားခဲ့တဲ့ အသင်း ဖြစ်ကာ လာမယ့် ဘောလုံးရာသီမှာ သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းကို အပြောင်းအလဲ လုပ်ချင်တာ ကြောင့် ဂျူဗင်တပ်အသင်းက ပီယာနစ်နဲ့ အာသာကို အလဲအထပ် လုပ်ဖို့ ဆွေးနွေးမှုကို လက်ခံခဲ့တာပါ။

Photo  Credit: Goal

အီတလီ နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ DiMarzio ရဲ့ ဖော်ပြချက်အရတော့ ဘာစီလိုနာအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ အာသာနဲ့ ပီယာနစ်တို့ကို အလဲအထပ် ပြုလုပ်ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်းနဲ့ ဂျူဗင်တပ် အသင်းဟာ အာသာအတွက် ပီယာနစ်အပြင် ဘာစီလိုနာအသင်းကို ယူရို၁၀သန်းခန့် ထပ်မံ ပေးချေရဖို့ ရှိကြောင်း သိရပါတယ်။ စပိန် အခြေစိုက် သတင်းစာတွေကလည်း အဆိုပါ သတင်းကို အတည်ပြုထားကြပြီး ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရတော​့ ဘာစီလိုနာအသင်းဟာ ပီယာနစ်နဲ့ပါ ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးပြီ ဖြစ်ကြောင်းနဲ့ စာချုပ် ချုပ်ဆိုဖို့လည်း ပီယာနစ်နဲ့ သဘောတူညီမှု ရှိခဲ့ကြောင်း သိထားရပြီး လက်ရှိမှာတော့ ဂျူဗင်တပ်အသင်းဟာ အာသာနဲ့ ပုဂ္ဂိုလ်ရေးအရ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့လည်း ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေက အတည်ပြု ထားကြပါတယ်။

Photo  Credit: Goal

အီတလီ သတင်းစာတွေရဲ့ ဖော်ပြချက်အရ တော့ ဂျူဗင်တပ်အသင်းဟာ စာချုပ် ချုပ်ဆိုနိုင် ဖို့ အာသာကို တစ်နှစ်လုပ်ခ ယူရို၅သန်း ရရှိမယ့် စာချုပ်နဲ့ ကမ်းလှမ်းထားကာ အဆိုပါ ပမာဏ ဟာ အာသာအနေနဲ့ ဘာစီလိုနာအသင်းမှာ ရရှိ နေတဲ့ လုပ်ခလစာထက် နှစ်ဆတောင် ပိုမို များပြားနေတယ်လို့ သိရပါတယ်​။ အဆိုပါ ကစားသမား အလဲအထပ် သတင်းဟာ မှန်ကန်မှုရှိ ကြောင်း ကို ဂျူဗင်တပ်အသင်းရဲ့ ဒါရိုက်တာ ဖြစ်သူ ပါရာတစ်ဆီကလည်း အတည်ပြု ထားခဲ့ပါတယ်။ အာသာနဲ့ ပီယာနစ်တို့ရဲ့ အလဲအထပ် ကိစ္စနဲ့ ပတ်သတ်ပြီး ပါရာတစ်ဆီက ” အခုချိန် မှာ ကျွန်တော်တို့ဟာ ဘာစီလိုနာအသင်းနဲ့ မကြာခဏဆိုသလို စကား ပြောဖြစ်နေပါတယ်။ ဒါပေမယ့် လက်ရှိအချိန်က နှစ်သင်းစလုံးမှာ အာရုံစိုက်ရမယ့် ပြိုင်ပွဲနဲ့ အရေးကြီးတဲ့ပွဲတွေ ရှိပါတယ်။ ဒီကိစ္စဟာ ကလပ်အသင်းတွေနဲ့ ကစားသမားတွေကြားမှာ ဆွေးနွေးရတဲ့ ကိစ္စမျိုးပါ။ ဒီတော့ နေ့ရက်တွေနဲ့ ပတ်သတ်ပြီး ဘာတွေ ဖြစ်လာမလဲဆိုတာကိုတော့ မပြောနိုင် ပါဘူး ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။