ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက သူတို့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခဲ့ရပေမယ့် လက်ကျန် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားဖို့ ရှိပြီး သူတို့ကစားသမားတွေကို ဆက်လက် အားပေးကြဖို့ ထုတ်ဖော် ပြောဆိုလာပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ဆက်တိုက် ရယူထားနိုင်ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး အဆိုပါ နိုင်ပွဲပျောက်ဆုံးမှုကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၁)နေရာ ကနေ ဖယ်ပေးခဲ့ရပါတယ်။

Photo Credit: BBC

အာဆင်နယ်က ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခဲ့ရပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၁)နေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၂မှတ်သာ ကွာဟတာကြောင့် လက်ကျန် ၆ပွဲမှာ နိုင်ပွဲတွေ ဆက်တိုက် ရယူနိုင်ခဲ့ရင် ဆယ်စုနှစ် ၂စု ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက် ရယူနိုင်ဖွယ် ရှိပါတယ်။

အာဆင်နယ်က လက်ကျန် ၆ပွဲမှာ ဝုလ်ဗ် ၊ ချယ်လ်ဆီး ၊ စပါး ၊ ဘုန်းမောက် ၊ မန်ချက်စတာ ယူနိုက်တက် ၊ အဲဗာတန် စတဲ့ ကစားရခက်တဲ့ အသင်းတွေနဲ့ ဆက်တိုက် ကစားရဖို့ ရှိနေပြီး ပွဲကျပ်တွေ ကစားရဖို့ ရှိနေတာကြောင့် အာဆင်နယ်အသင်းသားတွေဟာ နိုင်ပွဲတွေ ရယူဖို့ အတွက် ပရိသတ်တွေရဲ့ အားကြိုးမာန်တက် အားပေးမှုတွေကို လိုအပ်နေပါတယ်။

Photo Credit: Express

ဒါကြောင့်လည်း မီခေး အာတီတာက နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူတို့အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားဖို့ ဆုံးဖြတ်ထားပြီး ပရိသတ်တွေကလည်း သူတို့အသင်းကို အစွမ်းကုန် အားပေးဖို့ မျှော်လင့်ထားကြောင်း ပြောလာခဲ့ပါတယ်။

အာတီတာက – “ကျွန်တော်တို့မှာ လှပတဲ့ ပြိုင်ပွဲတခု ယှဉ်ပြိုင်ဖို့ ကျန်နေပါသေးတယ်။ ကျွန်တော်တို့က ပရီးမီးယားလိဂ်ချန်ပီယံဆု အတွက် တိုက်ပွဲဝင်သွားဖို့ ရှိနေသလို ကျွန်တော်က ပရီးမီးယားလိဂ် ချန်ပီယံဆုကိုလည်း သိမ်းပိုက် ရယူချင်နေပါပြီ။ အခုချိန်က ကျွန်တော်တို့ရဲ့ ကစားသမားတွေကို ထောက်ခံ အားပေးရမယ့် အချိန်ပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။