ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေထဲက တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယနေ့မနက် အစောပိုင်းမှာပဲ သူတို့အသင်းရဲ့ တရားဝင် ကစားသမား ဖြစ်လာတဲ့ ဂျာမဏီကြယ်ပွင့် ကိုင် ဟားဗက်ဇ်ကို ကွင်းလယ်လူ အဖြစ် အသုံးပြုဖွယ် ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် ကစားသမား ကိုင် ဟားဗက်ဇ်က အာဆင်နယ်ရဲ့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီး ကနေ အာဆင်နယ်ဆီ ပြောင်းရွှေ့ကြေး ပေါင် ၆၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက အာဆင်နယ်နဲ့ ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့သူပါ။

Photo Credit: Arsenal

ကိုင် ဟားဗက်ဇ်က ကွင်းလယ်တိုက်စစ် ၊ အထောင်တိုက်စစ်နဲ့ ညာတောင်ပံ နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ချယ်လ်ဆီးမှာ အထောင်တိုက်စစ်မှူး အဖြစ် ကစားခဲ့ပေမယ့် လေဗာကူဆင်မှာ ကစားခဲ့စဉ်က ကွင်းလယ်တိုက်စစ် နေရာမှာ ကစားရင်း နာမည်ကြီးလာသူ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်နည်းပြ အာတီတာက ကိုင် ဟားဗက်ဇ်ကို ဘယ်နေရာမှာ ကစားခိုင်းမလဲ ဆိုတာ ပရိသတ်တွေ အားလုံး သိချင်နေကြပြီး အာတီတာကတော့ သူဟာ ဟားဗက်ဇ်ကို ကွင်းလယ်လူ အဖြစ် ပြန်ပြောင်း အသုံးပြုဖို့ စီစဉ်ထားကြောင်း ဆိုလာပါတယ်။

Photo Credit: Express

အာတီတာက – “ကိုင်က ထိပ်တန်း အရည်အသွေးတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားကောင်း တဦးပါ။ သူက နေရာစုံမှာ ကစားနိုင်စွမ်း ရှိသလို ဉာဏ်ကို လွှာသုံးပြီး ကစားတတ်ပါတယ်။ သူက ကျွန်တော်တို့ ကွင်းလယ်ပိုင်းကို အရင်ထက် ပိုပြီး တောင့်တင်းစေမယ့် ကစားသမားပါ။ ပြီးတော့ သူ့ကြောင့် ကျွန်တော်တို့က ကစားပုံ အများကြီးကိုလည်း ပြောင်းလဲ ကစားနိုင်ပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ကိုင် ဟားဗက်ဇ်က ချယ်လ်ဆီးမှာ အထောင်တိုက်စစ်မှူး အဖြစ် အချိန်အတော်များများ ကစားခဲ့ရာမှာ သွင်းဂိုး ၃၂ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် လေဗာကူဆင်မှာ ကွင်းလယ်တိုက်စစ် ကစားသမား အဖြစ် ကစားရင်း သွင်းဂိုး ၂၆ဂိုး အထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပြီး ဘောလုံးရေးရာ သုံးသပ်သူတွေကတော့ ဟားဗက်ဇ်ကို ကွင်းလယ်ကစားသမား အဖြစ် ပြန်သုံးမယ့် အာတီတာရဲ့ အစီအစဉ်ကို ထောက်ခံနေကြပါတယ်။