ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ သူတို့အသင်းဟာ ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ ကွင်းလယ်လူသစ် တဦးကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ့် အကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီးနောက် ယခုနှစ် ဘောလုံးရာသီမှာ ဥရောပဝင်ခွင့် တနေရာစာကို သိမ်းပိုက်ဖို့ ရည်မှန်းထားတဲ့ အသင်းတသင်း ဖြစ်ကာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာလည်း ငွေကြေးသုံးစွဲမှု အများဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ အာဆင်နယ်အသင်း အနေနဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ကစားသမားသစ် ခေါ်ယူဖို့ တွန့်ဆုတ်နိုင်ကြောင်း သုံးသပ်မှုတွေ ရှိခဲ့ပေမယ့် အသင်းရဲ့ ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ သောမတ် ပါတေးနဲ့ အယ်နီနီတို့ကို အာဖရိကဖလားပြိုင်ပွဲဆီ စေလွှတ်ထားရချိန်မှာတော့ အာဆင်နယ်အသင်း အနေနဲ့ ကွင်းလယ်လူ တဦး ခေါ်ယူဖို့ ရည်ရွယ်ချက်နဲ့ ဈေးကွက်ထဲကို ပြန်လည် ဝင်ရောက်လာခဲ့ပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ လိုင်ယွန် ကွင်းလယ်လူ ဘရူနို ဂွီမာရေးစ်နဲ့ လိုင်လီ ကွင်းလယ်လူ ရီနာတို ဆန်းချက်စ်တို့ကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေပြီး အဆိုပါ ကစားသမား နှစ်ဦးရဲ့ တန်ကြေးဟာ ယူရို ၄၀သန်း ဝန်းကျင် ရှိပါတယ်။

Photo Credit: Express

 

အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာ ကတော့ သူတို့အသင်းမှာ ဘတ်ဂျက် နည်းပါးနေပေမယ့် သူတို့အသင်းက ကွင်းလယ်လူသစ် တဦးကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ် ဆိုတဲ့ အကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာတီတာက – “အခုချိန်မှာ ကျွန်တော်တို့ရဲ့ အပြောင်းအရွှေ့ အသုံးစရိတ်က အနည်းအကျဉ်းပဲ ကျန်ပါတော့တယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ဈေးကွက်ထဲကို ဝင်ရောက်ပြီး ကွင်းလယ်လူသစ် တဦးကို ခေါ်ယူဖို့ ကြိုးစားသွားဖို့ ရှိပါတယ်” လို့ ပြောကြားခဲ့တာပါ။