ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေထဲ​က တစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ လုပ်ခလစာ အမြင့်မားဆုံး ကစားသမားဖြစ်သူ မီဆွတ်အိုဇေလ်းနဲ့ လူငယ် ကွင်းလယ် ကစားသမား ဂွမ်ဒူဇီတို့ နှစ်ဦးစလုံးကို ရောင်းချသွားတော့မှာ ဖြစ်ကြောင်း လန်ဒန် မြို့ အခြေစိုက် သတင်းတွေက ထုတ်ဖော် ရေးသားခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ကြီး၆ကြီး ထဲမှာ တစ်သင်းအပါအဝင် ဖြစ်တဲ့ အာဆင်နယ် အသင်းဟာ လက်ရှိ ဘောလုံးရာသီမှာဆိုရင် အတော်လေးကို ခြေစွမ်းပိုင်း မတည်မငြိမ် ဖြစ်နေပြီး စပိန်သား အမ်မရီကို ရာသီဝက် ကာလမှာကတည်းက ထုတ်ပယ်ခဲ့ကာ အသင်းရဲ့ ကစားသမားဟောင်း ဖြစ်တဲ့ ယွန်းဘက်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့် အသင်းရဲ့ ရလဒ်တွေဟာ မတိုးတက်လာတာကြောင့် အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ အာတီတာကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ရတဲ့ အထိ နည်းပြအပြောင်းအလဲ များခဲ့တဲ့အသင်း လည်း ဖြစ်ပါတယ်။

Photo Credit: Metro

တစ်ရာသီ အတွင်းမှာ နည်းပြသုံးဦးအထိ လဲလှယ်ခဲ့ရတာကြောင့် အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ခြေစွမ်းပိုင်းဆိုင်ရာ တည်ငြိမ်မှု အားနည်းသွားခဲ့ပြီး ဆောက်သမ်တန်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ အာဆင်နယ် အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာဟာ အသင်းမှာရှိတဲ့ ကစားသမားတွေထဲက စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာ အားနည်းတဲ့ ကစားသမားတွေကို အသင်းက မလိုအပ်ဘူးလို့ ပြောဆိုခဲ့ပြီး အဆိုပါ စကားဟာ အသင်းရဲ့ ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ အိုဇေးလ်နဲ့ ဂွမ်ဒူဇီတို့ကို ရည်ရွယ်ခဲ့တာလို့ သိရပါတယ်။ အာဆင်နယ်အသင်းရဲ့ လုပ်ခ လစာ အမြင့်မားဆုံး ကစားသမား ဖြစ်တဲ့ အိုဇေးလ်ဟာ လက်ရှိ ဘောလုံးရာသီမှာဆိုရင် အတော်လေးကို ခြေစွမ်းဆိုးရွားနေသူ ဖြစ်ပြီး အာတီတာတစ်ယောက် အသင်းထံ ရောက်ရှိချိန် မှာ အသင်းရဲ့ အဓိက ထောက်တိုင် ကစားသမား ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် လက်ရှိမှာတော့ Lockdown ကာလအတွင်း ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ပွဲစလုံးကို လွဲချော်ခဲ့ရသူပါ။

Photo Credit: Metro

အာဆင်နယ်အသင်းနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ အာဆင်နယ်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေ ဟာ လစာငွေအများကြီး ယူပြီး ခြေစွမ်းပြ ကစားနိုင်ခြင်း မရှိတဲ့ အိုဇေးလ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ စီစဉ် နေကြောင်းနဲ့ အိုဇေးလ်ဘက်က အသင်း ပြောင်းဖို့ သဘောမတူတာကြောင့် ပွဲထွက်ခွင့် မပေးတော့တာ ဖြစ်ကြောင်း သိထားရပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ အသက်၂၁န​ှစ် အရွယ်သာ ရှိသေးတဲ့ ကွင်းလယ်လူ ဂွမ်ဒူဇီဟာ ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ နည်းပြဖြစ်သူ အာတီတာနဲ့ စကားများခဲ့တာကြောင့် ဆောက်သမ်တန်နဲ့ပွဲမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။ ဆောက်သမ်တန်နဲ့ပွဲအပြီးမှာတော့ အာတီတာက ဂွမ်ဒူဇီနဲ့ သူနဲ့ကြားမှာ ပြဿနာတွေ ရှိခဲ့တာကို အရိပ်အမြွက်ဖွင့်ဟ ပြောကြားခဲ့ပြီး အသင်းမှာ မနေချင်တဲ့ ကစားသမားတွေကို ရောင်းချသွားမယ်လို့ ဆိုထားပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ အာတီတာနဲ့ အာဆင်နယ်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေ ဟာ အိုဇေးလ် ၊ ဂွမ်ဒူဇီတို့နဲ့ ပတ်သတ်ပြီး အမြင် တူနေကြတယ်လို့ သိရကာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့နှစ်ဦးစလုံးကို ကျိန်းသေ ရောင်းချသွားမယ်လို့ သိထားရပါတယ်။