ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမားတစ်ဦး ဖြစ်တဲ့ အိုဇေးလ်ကို အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခဲ့ရတဲ့ အကြောင်းအရင်းကို ပွဲအပြီးမှာ ရှင်းပြသွားခဲ့ပါတယ်။ ဂျာမန်ကွင်းလယ် တိုက်စစ် ကစားသမား မီဆွတ် အိုဇေးလ်ဟာ အာဆင်နယ်အသင်းရဲ့ လုပ်ခလစာ အမြင့်ဆုံး ကစားသမားတစ်ဦး ဖြစ်သလို ကိုရိုနာဗိုင်းရပ် ပျံ့နှံ့မှုကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲကို မရပ်နားခင်မှာ အာဆင်နယ် အသင်းရဲ့ အဓိက ပွဲထွက် ကစားသမား ဖြစ်ခဲ့တာကြောင့် မန်စီးတီးအသင်းနဲ့ ထိပ်တိုက် တွေ့ဆုံရတဲ့ ပွဲစဉ်မှာ ပါဝင်လာလိမ့်မယ်လို့ အားလုံးက ထင်မှတ်ထားကြပေမယ့် အာတီတာကတော့ အံ့အားသင့်စရာ ကောင်းလောက်အောင်ကိုပဲ အိုဇေးလ်ကို အသင်းရဲ့ အပြီးသတ် လူစာရင်း ကနေ ချန်လှပ်ခဲ့ပါတယ်။

Photo Credit: Sky Sports

ကိုရိုနာဗိုင်းရပ် ပျံ့ပွားမှုပြဿနာကြောင့် ရပ်နားထားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပြန်လည် စတင် ကျင်းပတဲ့အခါမှ ယခင်ကလို ကစားသမား၃ဦး ပြောင်းလဲခွင့်အစား ကစားသမား ၅ဦးအထိ ပြောင်းလဲ အသုံးပြုခွင့်ကို ရခဲ့ပေမယ့် အာတီတာကတော့ သူ့ရဲ့ လူစာရင်း ကနေ အိုဇေးလ်ကို ချန်ထားခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ပွဲအပြီးမှာ အာတီတာကို​ မေးမြန်းခဲ့ကြရာမှာတော့ အာတီတာက အိုဇေးလ်ကို ချန်လှပ်ခဲ့တာဟာ နည်းဗျူဟာပိုင်းဆိုင်ရာ ဆုံးဖြတ်ချက် ကြောင့်သာ ဖြစ်ကြောင်း ဖြေဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးအသင်းနဲ့ပွဲမှာ အမှားများခဲ့တဲ့ ဗဟိုခံစစ်မှူး လူးဝစ်ကိုလည်း သူ့အနေနဲ့ ယုံကြည်မှုရှိသေးတယ်လို့ ဆိုသွားခဲ့ပါတယ်။

Photo Credit: Sky Sports

 

အိုဇေးလ်ကို ချန်လှပ်ခဲ့မှုအကြောင်း မေးမြန်း ခံခဲ့ရချိန်မှာတော့ အာတီတာက ” နည်းဗျူဟာ ဆိုင်ရာ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပါတယ် ” လို့ ဖြေဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဆက်လက်ပြီး အာတီတာက အမှားများခဲ့တဲ့ ဗဟို နောက်ခံလူ ဒေးဗစ်လူးဝစ်အပေ​ါ် ” အရာအားလုံးက ပွဲအစ တစ်မိနစ်မှာကတည်းက မှားယွင်းခဲ့တာပါ​။ ဖြစ်လာနိုင်သမျှ မတော်တဆမှုတွေ အကုန်လုံး က ဒီနေ့မှာ ဖြစ်ပျက်သွားခဲ့ပါတယ်။ လူးဝစ် ဟာ အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူ ဖြစ်ပြီး သူက အရမ်းကို ရိုးသားသူတစ်ဦးပါ။ လူးဝစ်နဲ့ ပတ်သတ်ပြီး ကျွန်တော့်ရဲ့အမြင်တွေက မပြောင်းလဲသေးပါဘူး။ ပြီးတော့ သူ့ရဲ့ ဒီပွဲမှာ ကစားသွားခဲ့တဲ့ ခြေစွမ်းက ကျွန်တော့်ရဲ့ အတွေးတွေကို မပြောင်းလဲစေပါဘူး ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ အဆိုပါ ရှုံးပွဲဟာ အာဆင်နယ်အသင်းကို အတော်လေး အထိနာ စေခဲ့ပြီး အဆင့်၄နေရာက ချယ်လ်ဆီးအသင်းနဲ့ ရမှတ် ၈မှတ်အထိ ကွာဟသွားတာကြောင့် လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ခွင့်ရဖို့ အတော်လေးကို ရုန်းကန်ရတော့မှာပဲ ဖြစ်ပါတယ်။