စပိန်နည်းပြတစ်ယောက်ဖြစ်တဲ့ အာတီတာကတော့ အသင်းအနေနဲ့ ပြီးခဲ့တဲ့ အပတ်က ရှုံးကြွေးကို ဆပ်နိုင်ပြီးတော့ နိုင်ပွဲတစ်ပွဲကို ရှာဖွေသွားနိုင်ဖို့ မျှော်လင့်နေပါတယ်။ အာဆင်နယ်နည်းပြ မိုက်ကယ် အာတီတာ ကတော့ လာမယ့် တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်မှာ ကစားမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ပွဲစဉ်မှာ ၁၄နှစ်ကြာအောင် အိုးထရက်ဖို့ဒ်ကွင်းထဲမှာ နိုင်ပွဲပျောက်နေတဲ့ စံချိန်ဆိုးကို အဆုံးသတ်သွားတော့မယ်လို့ ဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ မန်ယူအသင်းကို ပရီးမီးယားလိဂ်မှာ နောက်ဆုံး ရရှိခဲ့တာ ကတော့ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့အပတ်က လက်စတာ အသင်းကို ပရီးမီးယားလိဂ် ပွဲစဉ်၆ မှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီးတဲ့ နောက်မှာတော့ ကြာသပတေးနေ့က ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာတော့ ဒန်းဒတ်အသင်းကို သုံးဂိုး ဂိုးမရှိနဲ့ ပြန်လည် အနိုင်ရရှိခဲ့ပြီး အစ ကောင်းခဲ့တယ်လို့ ဆိုရပါမယ်။ အာဆင်နယ်အသင်းဟာ ရှုံးပွဲတွေ ဆက်နေခဲ့ပေမယ့် အိုးထရက်ဖို့ဒ်မှာ နိုင်ပွဲ ပြန်ရှာသွားမယ်လို့ အာတီတာက ကြုံးဝါးသွားပါတယ်။ “ အာဆင်နယ် ဟာ ယူနိုက်တက် ရဲ့ အိမ်ကွင်းမှာ ပရီးမီးယားလိဂ်နိုင်ပွဲ မရခဲ့တာက ၁၄ နှစ်လောက် ကြာခဲ့ပြီ ထင်တယ်။ ဒါက ကျွန်တော်တို့ အတွက် အဲ့ဒီကို သွားပြီးတော့ အနိုင်ယူဖို့ အကောင်းဆုံး ခွန်အားတစ်ခုလို့ မြင်ပါတယ် ”

Photo Credit: Sky Sports

“ ကျွန်တော် ကစားသမားတွေရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီးတော့ မစိုးရိမ်ပါဘူး။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ ဘယ်လောက် ကောင်းကောင်း ကစားနိုင်နေလဲဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ ပွဲတစ်ပွဲ အတွင်းမှာ ကျွန်တော်တို့ အလေးထားတဲ့ အရာ နှစ်မျိုးပဲ ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ အနိုင်ရအောင် ကစားဖို့ နဲ့ မရှုံးအောင် ကစားဖို့ပါပဲ။ ကျွန်တော်တို့ လီဗာပူးကို ၃ ဂိုး ၁ ဂိုး နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးအသင်းဟာ အခွင့်အရေး နှစ်ကြိမ် သုံးကြိမ် ရခဲ့ပါတယ်။ မန်စီးတီး နဲ့ ပွဲမှာလည်း အဲ့အတိုင်းပါပဲ။ လက်စတာနဲ့ ပွဲကျတော့ မတူပါဘူး။ ဘာလို့လဲဆိုရင် သူတို့က ကစားပွဲကို လုံးဝ မတူညီတဲ့ ကစားပုံတစ်ခုနဲ့ ချဉ်းကပ်ခဲ့လို့ပါ။ ကျွန်တော်တို့ အိုးထရက်ဖို့ဒ် ကို တူညီတဲ့ စိတ်ဓာတ်တစ်ခုနဲ့ သွားရောက်ပြီးတော့ အနိုင်ရအောင် ကစားမယ်။ ကျွန်တော်တို့ အသင်း အနေနဲ့ ဒီတစ်ပတ်ရဲ့ အစနဲ့ အဆုံးမှာ အကောင်းဆုံး နဲ့ အမိုက်ဆုံး အသင်းတစ်သင်း ဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ် ”

Photo Credit: Sky Sports

အာဆင်နယ်အသင်းနဲ့ တနင်္ဂနွေနေ့မှာ ကစားရမယ့် ဆိုးလ်ရှားရဲ့ မန်ယူအသင်းကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်း သုံးပွဲ ကစားထားပြီးတော့ တစ်ပွဲမှ အနိုင်ရထားခြင်း မရှိသေးဘူး။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကစားခဲ့တဲ့ မန်ယူနဲ့ ပွဲစဉ်မှာလည်း ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိထားတာ ဖြစ်လို့ ဒီပွဲမှာ ယုံကြည်ချက်တွေ ရှိနေတာလည်း ဖြစ်ပါတယ်။ အာတီတာ ကတော့ တိုက်စစ်မှူး အူဘာမီယန်း အနေနဲ့ မန်ယူနဲ့ ကစားမယ့် ပွဲမှာ ဂိုးပေါက် ပျောက်ဆုံးမှုကို ပြန်လည်ရှာဖွေ သွားနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောဆိုထားပါတယ်။