ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန် ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ ပွဲမှာတော့ ဧည့်သည် မန်ချက်စတာ စီးတီးက ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အိမ်ရှင် အာဆင်နယ်ကို အနိုင်ယူကာ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့က ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင် ကြိုးပမ်းနေတဲ့ အသင်းတွေ ဖြစ်ကြပြီး မန်ချက်စတာ စီးတီးက လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ လုပ်ဆောင်နေတာ ဖြစ်သလို အာဆင်နယ်ကလည်း ဆယ်စုနှစ် ၂စု နီးပါး မရခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေပါတယ်။

Photo Credit: Football London

အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက ဒဏ်ရာရ ကစားသမားတွေကလွဲရင် အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ကြပြီး နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းကလည်း များစွာ ကွာခြားခဲ့ခြင်း မရှိပါဘူး။

အာဆင်နယ် ၁-၃ မန်ချက်စတာ စီးတီး ပွဲစဉ်ရဲ့ အဖွင့်ဂိုးကို ဒီဘရိုင်းက ပွဲချိန် ၂၄မိနစ်မှာ အာဆင်နယ် နောက်ခံလူ တိုမီယာစုရဲ့ ပေးပို့မှု အမှားကနေ တဆင့် ရလာတဲ့ အခွင့်အရေးကို အပိုင် အဆုံးသတ်ကာ ဧည့်သည် မန်ချက်စတာ စီးတီး အတွက် သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် မန်ချက်စတာ စီးတီးရဲ့ အပျော်တွေက ၁၈မိနစ် ဝန်းကျင်သာ ခံခဲ့ပြီး ပွဲချိန် ၄၂မိနစ်မှာ အာဆင်နယ်ရဲ့ အဓိက တောင်ပံကစားသမား ဘူကာယို ဆာကာက နကီးတီးယားကြောင့် ရလာတဲ့ ပင်နယ်တီကို အကောင်းဆုံး အဆုံးသတ်ကာ အိမ်ရှင်အတွက် ချေပဂိုး ပြန်သွင်းပေးနိုင်ခဲ့ပါတယ်။

Photo Credit: Football London

ပထမပိုင်းမှာ တဂိုးစီ သရေကျခဲ့ပြီးနောက် ဒုတိယပိုင်းမှာ နှစ်သင်းစလုံးက အနိုင်ဂိုးတွေ ရရှိအောင် အရှိန်အဟုန်မြှင့် ကြိုးပမ်းခဲ့ကြပြီး ပထမပိုင်း အပြီးမှာ ကစားကွက် အပြောင်းအလဲ လုပ်ခဲ့တဲ့ မန်ချက်စတာ စီးတီးက အာဆင်နယ်ထက် ခြေစွမ်းပိုင်း ပိုသာခဲ့ကာ ပွဲချိန် ၇၂မိနစ်မှာ ဂရီးလစ်ရှ်နဲ့ ပွဲချိန် ၈၂မိနစ်တို့မှာ ဟာလန်းတို့က မန်ချက်စတာ စီးတီး အတွက် အနိုင်ဂိုးတွေကို အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

အာဆင်နယ် ၁-၃ မန်ချက်စတာ စီးတီး ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ အာတီတာက သူတို့အသင်းဟာ ကစားသမားတွေရဲ့ တဦးချင်း အမှားတွေကြောင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး တဦးချင်း အမှားတွေသာ မရှိခဲ့ရင် သူတို့အတွက် ရလဒ်ကောင်း တခု ရလာနိုင်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ အာတီတာက – “ကျွန်တော်တို့က အသင်းကောင်း နှစ်သင်းရဲ့ တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ကျွန်တော်တို့က တဖက်အသင်းရဲ့ ကစားပုံကို ဖြည်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူတို့ကို လက်ဆောင်ဂိုးတွေ ပေးခဲ့ရပါတယ်။ ကျွန်တော်တို့က သူတို့ကို အဆုံးသတ်နိုင်မယ့် အခွင့်အရေးကောင်းတွေ ရခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ရလာတဲ့ အခွင့်အရေးတွေကို အသုံးချတဲ့ နေရာမှာ ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ ကျွန်တော်တို့က ဘာကိုမှ ရေရေရာရာ မလုပ်ပြနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် လုပ်ခဲ့တာပါ။ ကျွန်တော်တို့က မလိုအပ်တဲ့ နေရာတွေမှာ ပိုပြီး ကစားမိခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ကျွန်တော်တို့က အပြစ်ပေးခံခဲ့ရတာပါ။ ကျွန်တော်တို့က ဂိုးသွင်းနိုင်မယ့် အခွင့်အရေးကောင်း ၃ခု အထိ ရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အဲ့ဒီ အခွင့်အရေးတွေကို လွှင့်ပစ်မိခဲ့ပါတယ်။ ကျွန်တော်တို့က မန်စီးတီးကို အနိုင်ရချင်ရင် ကိုယ့်ရဲ့ ပုံမှန်ခြေစွမ်းထက် ပိုသာတဲ့ ခြေစွမ်းမျိုးနဲ့ ကစားမှပဲ ရပါလိမ့်မယ်” လို့ ကစားသမားတွေရဲ့ တဦးချင်း အမှားတွေ အကြောင်း ထောက်ပြကာ ပြောကြားသွားခဲ့တာပါ။