ပရီးမီးယားလိဂ် ပွဲစဉ်(၅) အပြီးမှာ ၅ပွဲစလုံးကို အနိုင်ရထားတဲ့ တသင်းထဲသော အသင်းအဖြစ် မှတ်တမ်းဝင်နေတဲ့ အာဆင်နယ်ကတော့ ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၆) အဖြစ် မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာမှာတော့ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရတာကြောင့် နိုင်ပွဲဆက်နေမှုရော ၊ ရှုံးပွဲမရှိတဲ့ မှတ်တမ်းပါ ကျိုးပျက်သွားခဲ့ရပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၆) အဖြစ် အစဉ်အလာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းဆီ သွားရောက် ရင်ဆိုင် ကစားခဲ့ရာမှာ ကစားကွက်ပိုင်းအရ မန်ချက်စတာ ယူနိုက်တက်ကို ပွဲချိန်အတော်များများမှာ အသာစီး ရယူနိုင်ခဲ့ပေမယ့် အရေးကြီးတဲ့ အချိန်တွေမှာ ပွဲကို လိုသလို မထိန်းချုပ်နိုင်ရာကနေ အမှားတွေ ကျူးလွန်မိခဲ့ပြီး အခုလို ဂိုးပြတ်ရှုံးပွဲ တပွဲ ကြုံတွေ့ခဲ့ရတာပါ။

Photo Credit: Mirror

အဆိုပါပွဲစဉ်ရဲ့ ဦးဆောင်ဂိုးကို ရခဲ့တဲ့ အသင်းက မန်ချက်စတာ ယူနိုက်တက် ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က ပွဲကစားချိန် ၃၅မိနစ်မှာ အသင်းလိုက် ကစားဟန် တခုကနေ ကစားသမားသစ် အန်တိုနီရဲ့ သွင်းဂိုးနဲ့အတူ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ကာ အာဆင်နယ်ကတော့ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် တရစပ် ဆိုသလို မန်ချက်စတာ ယူနိုက်တက်ဘက်ကို တိုက်စစ်ဆင် ကစားကာ ချေပဂိုး ပြန်လည် ရရှိဖို့ ကြိုးပမ်းခဲ့ပါတယ်။

ပွဲကစားချိန် ၆၀မိနစ် အရောက်မှာတော့ အာဆင်နယ်ရဲ့ ကြိုးပမ်းမှုတွေက အရာထင်ခဲ့ပြီး ဂျေဇူးရဲ့ ဂိုးကန်သွင်းဖို့ ကြိုးစားမှုကို မန်ချက်စတာ ယူနိုက်တက် နောက်ခံလူတွေ ဖျက်ထုတ်ရာကနေ ဆာကာက လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်းသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ချေပဂိုး ပြန်လည် ရရှိပြီးနောက် အာဆင်နယ်က တိုက်စစ်ကို အရှိန်မြှင့်ကာ အနိုင်ရရှိရေး အတွက် ကြိုးစားခဲ့ပေမယ့် ၁-၁ ဖြစ်နေချိန်မှာ ပွဲကို ထိန်းချုပ်ကစားဖို့ထက် တိုက်စစ်ဆင်ဖို့သာ စိတ်လောနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တန်ပြန်တိုက်စစ်တွေကို မထိန်းချုပ်နိုင်ခဲ့ပဲ ပွဲကစားချိန် ၆၆မိနစ်နဲ့ ၇၇မိနစ်တွေမှာ မားကပ် ရက်ဖို့ဒ်ရဲ့ သွင်းဂိုးတွေကို ဆက်တိုက် ဆိုသလို ခွင့်ပြုခဲ့ရပြီး အရှုံးရလဒ်နဲ့ ကြုံတွေ့သွားခဲ့ရတာပါ။

Photo Credit: Mirror

ဒါပေမယ့် အာဆင်နယ်နည်းပြ အာတီတာကတော့ အဆိုပါပွဲစဉ်မှာ သူတို့အသင်းကသာ အနိုင်ရလဒ်နဲ့ ထိုက်တန်ကြောင်း ယုံကြည်နေပြီး သူတို့အသင်းက မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရခဲ့သင့်ကြောင်း ပွဲအပြီးမှာ ပြောကြားသွားပါတယ်။ အာတီတာက – “ကျွန်တော်တို့က အရမ်းကို စိတ်ပျက်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အနိုင်ရဖို့ အခွင့်အရေးတွေ ရခဲ့ ပွဲကို အနိုင်မယူနိုင်ခဲ့လို့ပါ။ ကျွန်တော်တို့က ခံစစ်ပိုင်း အမှားအယွင်း တချို့နဲ့ ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲမှာ အဆုံးသတ် ညံ့ဖျင်းမှုတွေကြောင့်သာ ပွဲကို ရှုံးနိမ့်ခဲ့ရတာပါ” လို့ မချိတင်ကဲ ပြောကြားသွားခဲ့တာပါ။