ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၇)မှာ ဘရိုက်တန်အသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်မှာ သူတို့အသင်းရဲ့ ကစားပုံဟာ ကောင်းမွန်ခြင်း မရှိတာကြောင့် သရေတမှတ်နဲ့သာ ထိုက်တန်မှု ရှိကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ဘရိုက်တန်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပုံစံကောင်း ရရှိနေတဲ့ အသင်းတသင်း ဖြစ်သလို တဖက်မှာလည်း အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ပွဲဆက် အနိုင်ရခဲ့တာကြောင့် သူတို့နှစ်သင်း တွေ့ဆုံတဲ့ ပွဲစဉ်ဟာ အတော်လေးကို အကြိတ်အနယ် ရှိခဲ့ပြီး အိမ်ရှင် ဘရိုက်တန်အသင်း ကတော့ ဂိုးကန်သွင်းခွင့်တွေ ပိုမို ရရှိခဲ့ပါတယ်။

Photo Credit: Daily Mail

ဘရိုက်တန်နဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမား အစုံအလင်ကို အသုံးပြုကာ အနိုင်ရဖို့ အတွက် ကြိုးစားခဲ့ပေမယ့် ချာကာ မပါဝင်တဲ့ ကွင်းလယ်ပိုင်းဟာ အတော်လေးကို အားနည်းချက်တွေ ရှိခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီး မရခဲ့သလို ဂိုးသွင်းခွင့် များများစားစားလည်း မဖန်တီးနိုင်ခဲ့ပါဘူး။

ဒါကြောင့်လည်း ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်အပြီးမှာ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာက သူတို့အသင်းရဲ့ ကစားပုံဟာ အတော်လေးကို ဆိုးရွားခဲ့ကြောင်း ဝန်ခံသွားခဲ့ပြီး သူတို့အသင်းဟာ ရလဒ်ကောင်းတွေ ရရှိနိုင်ဖို့ ကစားပုံ တိုးတက်ရန် လိုအပ်ကြောင်း အသင်းရဲ့ ကစားသမားတွေကို သတိပေးသွားခဲ့ပါတယ်။

Photo Credit: Daily Mail

အာတီတာက – “ဒီနေ့ပွဲမှာ ကျွန်တော်က ရလဒ်ပိုင်းထက် အသင်းရဲ့ ကစားပုံကိုပဲ ပိုပြီး စိတ်ပူမိပါတယ်။ ကျွန်တော်တို့တွေက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ မချနိုင်ခဲ့ဘူး။ ထိပ်တိုက် ရင်ဆိုင်ရတဲ့ အခိုက်အတန့်တွေ ရောက်လာတိုင်း ကျွန်တော်တို့ဟာ ဖိအားပေးမှုကို ရှောင်လွှဲပြီး နေရာလွတ်တွေကို ဖန်တီးနိုင်ရပါမယ်။ အဲ့ဒီအပိုင်းမှာတော့ ကျွန်တော်တို့ ပိုပြီး ကောင်းအောင် လုပ်နိုင်ခဲ့သင့်ပါတယ်။ ပထမပိုင်းမှာ အူဘာမီယန်းက ဂိုးသွင်းနိုင်ဖို့ အခွင့်အရေး တကြိမ် ရခဲ့ပေမယ့် ကျွန်တော်တို့တွေ ကံမကောင်းခဲ့ကြပါဘူး။ ကျွန်တော်တို့က ဒီနေ့ပွဲကို အနိုင်ရခဲ့သင့်တယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့တွေက သရေတမှတ်နဲ့သာ ထိုက်တန်ခဲ့ပြီး အသင်းရဲ့ ကစားပုံ တိုးတက်အောင်လည်း ကြိုးစားရတော့မှာပါ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။