ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာက ယခုနှစ် ဘောလုံးရာသီမှာ သူ့ရဲ့ အာဆင်နယ်အသင်းဟာ ဥရောပပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရထားပေမယ့် သူဟာ ဥရောပ ချန်ပီယံလိဂ်ပွဲစဉ်တွေကို ကြည့်ရှုဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

တချိန်က ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့် အထိ တက်လှမ်းခဲ့ဖူးတဲ့ အာဆင်နယ်အသင်းဟာ ယခု ဘောလုံးရာသီမှာ ဥရောပဝင်ခွင့် မရထားသလို ဥရောပရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရတာလည်း အတော်လေးကို ကြာမြင့်နေပါပြီ။

Photo Credit: Sky Sports

ဒါကြောင့်ပဲ အာဆင်နယ်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း နီးပါး အသုံးပြုကာ အသင်းကို သွေးသစ်လောင်းထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့် ရရှိအောင် ကြိုးစားဖို့ ပြင်ဆင်ထားတာပါ။

အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာကတော့ အာဆင်နယ်အသင်းလို နာမည်ကြီးအသင်း တသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မမြင်တွေ့ရတာဟာ အတော်လေး ကြေကွဲဖို့ကောင်းကြောင်းနဲ့ သူဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို စောင့်ကြည့်ဖြစ်တယ်လို့ ဆိုလာပါတယ်။

Photo Credit: Sky Sports

ချန်ပီယံလိဂ်ပြိုင်ပွဲကို စောင့်ကြည့်ဖြစ်ကြောင်းကို အာတီတာက – “ကျွန်တော်က ချန်ပီယံလိဂ်ပွဲတွေကို ကြည့်ရှုလေ့ ရှိပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းကို အဲ့ဒီပြိုင်ပွဲမှာ မြင်တွေ့ခွင့် မရတဲ့ အတွက် အတော်လေး နာကျင်ရပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။

အာတီတာက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘယ်အသင်းရဲ့ ပွဲစဉ်ကို ကြည့်ရှုခဲ့တာလဲ ဆိုတာကို မပြောပြခဲ့ပေမယ့် အာဆင်နယ် ပရိသတ်တွေ ကတော့ အာတီတာဟာ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ စီးတီးအသင်းရဲ့ ပွဲစဉ်ကို ကြည့်ရှုခဲ့တာ ဖြစ်နိုင်ကြောင်း သုံးသပ်နေကြပါတယ်။