အာဆင်နယ် နည်းပြ အာတီတာကတော့ ယနေ့ည (၂း၃၀) အချိန် အိုလံပီယာကော့စ်အသင်းနဲ့ ကစားရမယ့် ပွဲစဉ် မတိုင်ခင် အာဆင်နယ် ကစားသမားတွေဟာ ဘယ်ကွင်းမှာပဲ ကစားရပါစေ အကောင်းဆုံး တုံ့ပြန်နိုင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီည (၂း၃၀) အချိန်မှာ အိုလံပီယာကော့စ်အသင်းနဲ့ ယူရိုပါလိဂ် (၃၂) သင်းအဆင့် ပထမ အကျော့ ပွဲစဉ်ကို အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပြီး နိုင်ပွဲနဲ့ ပြန်လာနိုင်မလား စောင့်ကြည့်ရမှာပါပဲ။

Photo Credit: Squawka

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် အုပ်စုပွဲစဉ်မှာ အုပ်စု (G) ရဲ့ အုပ်စုဗိုလ် ဖြစ်ခဲ့တာကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ဆင်းလာတဲ့ အိုလံပီယာကော့စ်အသင်းနဲ့ ရှုံးထွက်အဆင့်မှာ ကစားရမှာ ဖြစ်ပါတယ်။ နည်းပြ အာတီတာဟာ လက်ရှိရာသီ ယူရိုပါလိဂ် ပြိုင်ပွဲမှာ အာဆင်နယ် အသင်းကို နည်းပြတဲ့ (၃) ယောက်မြောက် နည်းပြ ဖြစ်လာပြီး သူက ကစားသမားတွေအနေနဲ့ ကြိုးစားနေသေးသရွေ့တော့ သူ့ရဲ့ ထောက်ပံ့မှုကို အပြည့်အဝ ရရှိမယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Squawka

နည်းပြ အာတီတာက “သူတို့ ကြိုးစားနေသရွေ့တော့ ကျွန်တော့်ရဲ့ ထောက်ပံ့မှုကို အပြည့်အဝ ရရှိကြမှာပါ။ သူတို့ ရှောင်ပုန်းနေရင်တော့ ကျွန်တော် မကြိုက်ဘူး။ ဒါပေမဲ့ လက်ရှိအချိန်အထိ ကျွန်တော် မြင်ရတာက သူတို့ ဘယ်ကွင်းမှာပဲ ကစားရပါစေ ကောင်းမွန်စွာ တုံ့ပြန်နိုင်ပြီး ဒါဟာ ကျွန်တော် မျှော်လင့်တဲ့ အရာပါပဲ။ သူတို့ အိုလံပီကို့စ်အသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ အရင်ကလို ကစားမယ် ဆိုတာ သေချာပါတယ်”လို့ သတင်းစာ ရှင်းလင်းပွဲမှာ အခိုင်အမာ ပြောပြသွားခဲ့ပါတယ်။