MySport Myanmar

ဘရန့်ဖို့ဒ်ကြယ်ပွင့် တိုနေးကို လျှော့မတွက်ဖို့ ခံစစ်မှူးတွေကို သတိပေးခဲ့တဲ့ အာတီတာ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အာတီတာက သူတို့အသင်းရဲ့ ခံစစ်မှူးတွေအနေနဲ့ ယနေ့ ညနေမှာ ယှဉ်ပြိုင် ကစားရမယ့် ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို လျှော့မတွက်ကြဖို့ သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် တသင်းထဲကိုသာ ရှုံးနိမ့်ထားတဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၇) အဖြစ် ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး ဘရန့်ဖို့ဒ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တာကြောင့် အာဆင်နယ် အတွက် လွယ်ကူတဲ့ ပွဲတပွဲ မဖြစ်နိုင်ပါဘူး။

Photo Credit: Express

ဒါ့အပြင် မကြာသေးမီကမှ အင်္ဂလန်အတွက် ရွေးချယ်ခံထားရတဲ့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး တိုနေးကလည်း လတ်တလောမှာ ခြေစွမ်းကောင်းတွေ ရရှိထားပြီး တိုနေးက ဘရန့်ဖို့ဒ် အတွက် ယခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ ၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်နည်းပြ အာတီတာက ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ တိုနေးကို အဓိက ထိန်းချုပ် ကစားဖို့ စီစဉ်ထားပြီး သူ့ရဲ့ ခံစစ်မှူးတွေအနေနဲ့ တိုနေးလို ကြံ့ခိုင်မှု အားကောင်းတဲ့ တိုက်စစ်မှူးမျိုးနဲ့ ရင်ဆိုင် ကစားရချိန်မှာ လျှော့မတွက်ပဲ ပွဲချိန်တလျှောက်လုံး သတိအပြည့်နဲ့ ကစားရန် လိုအပ်ကြောင်း ပွဲကြို အင်တာဗျူးမှာ ပြောကြားသွားပါတယ်။

Photo Credit: Express

အာတီတာက – “ကျွန်တော်က ဘရန့်ဖို့ဒ်ရဲ့ ပွဲတွေ အများကြီးကို ကြည့်ထားပြီးပါပြီ။ အဲ့ဒါကြောင့် အိုင်ဗန် တိုနေးက ဘယ်လို ခံစစ်မှူးမျိုးနဲ့မဆို ဘောလုံးကို အကောင်းဆုံး ထိန်းချုပ် ကစားနိုင်စွမ်း ရှိတာကို သိထားပါတယ်။ တိုနေးက သူ့ဆီ ပေးလိုက်တဲ့ ဘောလုံးကို မဆုံးရှုံးအောင် ထိန်းသိမ်းထားနိုင်တဲ့ တိုက်စစ်မှူးမျိုးပါ။ ဒါကြောင့် ကျွန်တော်က ကစားသမားတွေကို ထိပ်တိုက် ရင်ဆိုင်ရတဲ့ အခါတိုင်း ဘောလုံးကို အမိအရ ရယူနိုင်အောင် လေ့ကျင့်ပေးထားပါတယ်။ ဒါမှလည်း သူတို့က တိုနေးကို ရင်ဆိုင်နိုင်မှာပါ။ တိုနေးနဲ့ ရင်ဆိုင်ရရင် ဘောလုံးကို လုံးဝ မဆုံးရှုံးဖို့ အရေးကြီးပါတယ်” ဆိုပြီး သတိပေးစကား ပြောကြားသွားခဲ့တာပါ။

Exit mobile version