ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အာတီတာကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ပွဲမှာ သွင်းဂိုး ၄ဂိုးသာ သွင်းယူနိုင်ခဲ့ပြီးနောက် ဂိုးပေါက်ပျောက်နေကြတဲ့ ဂျေဇူးနဲ့ အန်ခီးတီးယားတို့ တိုက်စစ်မှူး နှစ်ဦးကို သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရထားပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ၂ပွဲမှာ ၁ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးတွေကို ပိုင်ဆိုင်ခဲ့ရပြီး သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကလည်း အတော်လေးကို အားနည်းနေခဲ့ပါတယ်။

Photo Credit: Football London

အထူးသဖြင့် အာဆင်နယ်က နောက်ဆုံး ၅ပွဲမှာ ဘိုဒို ဂလင့် ၊ လိဒ်ယူနိုက်တက် ၊ ပီအက်စ်ဗွီ (၂ပွဲ) ၊ ဆောက်သမ်တန် စတဲ့ အသင်းလတ်တွေနဲ့သာ ယှဉ်ပြိုင် ကစားခဲ့ရပေမယ့် သူတို့အသင်းဟာ သွင်းဂိုး ၄ဂိုးသာ ရခဲ့ပြီး အဆိုပါ သွင်းဂိုး ၄ဂိုးကိုလည်း တောင်ပံတိုက်စစ် ကစားသမား ဆာကာနဲ့ ကွင်းလယ်လူ ချာကာတို့ နှစ်ဦးထဲကသာ သွင်းယူပေးထားတာပါ။

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူတွေက အာဆင်နယ်ရဲ့ တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဂျေဇူးနဲ့ အန်ခီးတီးယားတို့ကို ဝေဖန်မှုတွေ စတင် ပြုလုပ်နေကြပြီး အာဆင်နဘ်နည်းပြ အာတီတာကလည်း သူတို့အသင်းဟာ တိုက်စစ်မှူးတွေဆီ ကနေ သွင်းဂိုးတွေ ပိုမို လိုအပ်နေပြီ ဖြစ်ကြောင်းနဲ့ တိုက်စစ်မှူးတွေဟာ ယခုထက် ပိုပြီး ဂိုးသွင်းနိုင်အောင် ကြိုးစားရန် လိုအပ်ကြောင်း နော်တင်ဟမ် ဖောရက်စ်နဲ့ ပွဲစဉ်အတွက် ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Football London

အာတီတာက – “ကျွန်တော်တို့က သွင်းဂိုးတွေ လိုအပ်နေပါပြီ။ အထူးသဖြင့် တိုက်စစ်မှူးတွေဆီ ကနေ သွင်းဂိုးတွေ ပိုမို လိုအပ်နေတာပါ။ ကျွန်တော်တို့တွေ အနိုင်ရဖို့ ဆိုရင် သွင်းဂိုးတွေ လိုအပ်သလို ကျွန်တော်တို့ရဲ့ တိုက်စစ်မှူးတွေက သွင်းဂိုးတွေ သွင်းယူပေးရမယ့် တာဝန်ရှိပါတယ်။ ကျွန်တော်တို့တွေသာ ဂိုးတွေ ရလာရင် နိုင်ပွဲတွေကို ပိုရလာပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဂျေဇူးက ယခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၅ဂိုး သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၅ကြိမ် ရရှိထားပေမယ့် သူ နောက်ဆုံး ဂိုးသွင်းနိုင်ခဲ့တဲ့ပွဲဟာ အောက်တိုဘာလ ၁ရက်နေ့မှာ ကစားခဲ့တဲ့ စပါးနဲ့ပွဲ ဖြစ်ပြီး အန်ခီးတီးယားကတော့ ယခုနှစ် ရာသီမှာ အာဆင်နယ် အတွက် သွင်းဂိုး ၂ဂိုး သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားပြီး သူ နောက်ဆုံး ဂိုးသွင်းနိုင်ခဲ့တဲ့ပွဲဟာ အောက်တိုဘာလ ၇ရက်နေ့မှာ ကစားခဲ့တဲ့ ဘိုဒို ဂလင့်နဲ့ ပွဲပဲ ဖြစ်ပါတယ်။