MySport Myanmar

ကစားသမား ၄ဦး အထိ ရောင်းချပြီး အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အာတီတာ

ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက လာမယ့် ဆောင်းဈေးကွက်မှာ ဘရန့်ဖို့ဒ် တိုက်စ်စမှူး အိုင်ဗန် တိုနေးကို ခေါ်ယူချင်တာကြောင့် အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေ အနက် ၄ဦးကို ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် အင်္ဂလန် တိုက်စစ်မှူး အိုင်ဗန် တိုနေးက လက်ရှိမှာ လောင်းကစားပြစ်ဒဏ်ကြောင့် ဘောလုံးလောက ကနေ ခေတ္တ အနားယူထားရပေမယ့် လာမယ့် ဇန်နဝါရီလမှ စတင်ကာ ဘောလုံးပွဲတွေ ပြန်ကစားနိုင်တော့မယ့် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

အိုင်ဗန် တိုနေးက လောင်းကစား စွဲလမ်းမှုကြောင့် အခုလို ကာလရှည် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပေမယ့် သူ့ရဲ့ ခြေစွမ်းပိုင်းနဲ့ ဦးဆောင်နိုင်စွမ်းက ထိပ်တန်းအဆင့်မှာ ရှိပြီး သူက ဘရန့်ဖို့ဒ်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၆၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၉ကြိမ် ရရှိထားပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ လန်ဒန်မြို့ အခြေစိုက် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့က သူ့ကို လာမယ့် ဆောင်းဈေးကွက်မှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို တိုနေးကလည်း ဘရန့်ဖို့ဒ်ကို စွန့်ခွာကာ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ချထားပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက လာမယ့် ဆောင်းဈေးကွက်မှာ အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ အတော်လေး စိတ်အားထက်သန် နေသလို တိုနေးကို ခေါ်ယူရာမှာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် အသုံးပြုရမှာ ဖြစ်တာကြောင့် ရှိရင်းစွဲ ကစားသမားတွေထဲက ၄ဦးကို ပြန်လည် ရောင်းချရန် ပြင်ထားကြောင်း သိရပါတယ်။

လက်ရှိမှာ အာဆင်နယ်အသင်း ရောင်းချချင်တဲ့ ကစားသမားတွေကို အတိအကျ မသိရသေးပေမယ့် မကြာခဏ ဒဏ်ရာရနေသလို အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားတယ်လို့ သတင်းကြီးနေတဲ့ သောမတ်စ် ပါတေး ၊ အသက်အရွယ်အရ အကျပိုင်းကို ရောက်လာတဲ့ အယ်နီနီ ၊ အရန်ခုံမှာသာ ထိုင်နေရတဲ့ တောင်ပံကစားသမား ရိစ် နယ်လ်ဆန် ၊ ညာနောက်ခံလူ ဆီဒရစ် စတဲ့ ကစားသမားတွေဟာ အရောင်းစာရင်းထဲ ပါဝင်မယ်လို့ ယူဆရပါတယ်။

Exit mobile version