ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ မီခေး အာတီတာ ကတော့ အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ ဗဟိုကွင်းလယ်နေရာကို ဖာထေးဖို့ အတွက် ဂျူဗင်တပ် အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်လူ အာသာ မယ်လိုကို ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုခဲ့ကြောင်း နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ အာသာ မယ်လိုဟာ ၂၀၂၀ခုနှစ်ကမှ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်း ကနေ ဂျူဗင်တပ်အသင်းထံ ရောက်ရှိလာသူ ဖြစ်ပြီး အသင်းထံ ရောက်ရှိကာစမှာ အဓိက ကွင်းလယ်လူ ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တကယ်တမ်းမှာတော့ ပုံမှန် ပွဲထွက်ခွင့် ရဖို့တောင် ရုန်းကန်ခဲ့ရပါတယ်။

Photo Credit: Euro Sports

ယခုနှစ် ဘောလုံးရာသီမှာ ဆိုရင်လည်း အာသာက ဂျူဗင်တပ်အသင်း အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၂၇၁မိနစ်သာ ကစားခွင့် ရထားပြီး လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ်အသင်းမှာ ပါဝင်ခွင့် ရဖို့ ဆိုရင် အာသာအနေနဲ့ ယခုထက် ပိုမိုတဲ့ ပွဲထွက်ခွင့်တွေ လိုအပ်နေပါတယ်။

ဒါကြောင့်ပဲ အာသာ မယ်လိုက ဂျူဗင်တပ်အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ အသင်းကနေ ထွက်ခွာခွင့် တောင်းခံခဲ့ပြီး ဂျူဗင်တပ်အသင်းကလည်း ထိုက်သင့်တဲ့ ကမ်းလှမ်းမှု ရောက်လာရင် အာသာ မယ်လိုကို အသင်းကနေ ထွက်ခွာခွင့် ပေးမယ်လို့ ကတိပေးထားပါတယ်။

Photo Credit: Euro Sports

လက်ရှိမှာတော့ အာဆင်နယ်အသင်းက အာသာ မယ်လိုကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်နေပြီး အာဆင်နယ်အသင်းဟာ အာသာ မယ်လိုကို ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူချင်နေကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် တဦး ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာက အာသာ မယ်လိုရဲ့ ခြေစွမ်းကို အတော်လေး နှစ်ခြိုက်သူ တဦး ဖြစ်ပြီး အသင်းရဲ့ တာဝန်ရှိသူတွေထံ အာသာ မယ်လိုကို ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တာကြောင့် အာဆင်နယ်အသင်းရဲ့ တာဝန်ရှိသူတွေက အာသာ မယ်လိုကို ခေါ်ယူဖို့ အတွက် ဂျူဗင်တပ်အသင်းနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေကြောင်း သိရပါတယ်။