လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ၃ပွဲကစား ၃ပွဲစလုံး အနိုင်ရရှိထားတဲ့ အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ အာတီတာက သူတို့အသင်းဟာ ရလဒ်ကောင်းတွေ ဆက်တိုက် ရထားပေမယ့် ကစားသမားအင်အား နည်းပါးနေတာကြောင့် နောက်ထပ် ကစားသမားသစ်တွေကို ထပ်မံ ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ဘုန်းမောက်အား အဝေးကွင်းမှာ သုံးဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၃) အဖြစ် ဘုန်းမောက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ပွဲစပွဲဆုံး ကစားကွက် အသာနဲ့ ကစားနိုင်ခဲ့သလို အသင်းခေါင်းဆောင် အိုဒီဂတ်ရဲ့ သွင်းဂိုး ၂ဂိုး ၊ အဓိက နောက်ခံလူ ဆာလီဘာရဲ့ သွင်းဂိုး ၁ဂိုးတို့နဲ့အတူ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ အံ့မခန်း ကစားပုံတွေနဲ့အတူ ခြေစွမ်းကောင်းတွေ ရရှိထားပေမယ့် သူတို့အသင်းရဲ့ ကစားသမား အင်အားဟာ နည်းပါးနေဆဲ ဖြစ်ပြီး တိုက်စစ်ပိုင်းမှာ မာတီနယ်လီ ၊ ဂျေဇူး ၊ ဆာကာတို့ သုံးဦးထဲသာ အရည်အသွေး ပြည့်မီတဲ့ ကစားသမားတွေ အဖြစ် ရှိနေသလို ကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာလည်း အဓိက ကစားသမားတွေ ဒဏ်ရာရသွားရင် အစားထိုး ဝင်ရောက် ကစားနိုင်တဲ့ အရည်အသွေးမီ ကစားသမားတွေ နည်းပါးနေပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ အာတီတာနဲ့ အားကစားဒါရိုက်တာ အီဒူးတို့က အသင်းအတွက် အားကိုးရမယ့် ကစားသမားသစ်တွေကို နွေဈေးကွက် မပိတ်မီမှာ ခေါ်ယူနိုင်အောင် အစွမ်းကုန် ကြိုးစားနေပြီး အာဆင်နယ်ရဲ့ ကစားသမား ဖြည့်တင်းဖို့ အဓိက ဦးစားပေး ဆောင်ရွက်နေတဲ့ နေရာကတော့ တိုက်စစ်ပိုင်းပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

ကစားသမားသစ်တွေ ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်းကို အာတီတာက – “ကျွန်တော်တို့က ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ နောက်ဆုံးအချိန် အထိ ကြိုးပမ်းသွားပါမယ်။ အခုချိန်မှာ အပြောင်းအရွှေ့ ဈေးကွက်ထဲ လှုပ်ရှားဖို့ အနည်းငယ် ခက်ခဲနေတာ အမှန်ပါ။ ဒါပေမယ့် ကျွန်တော်တို့တွေက ကစားသမားသစ် ခေါ်ယူမှုတွေကို လုပ်ချင်ပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့ဗျာ” လို့ ပြောကြားသွားခဲ့တာပါ။