ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အာတီတာက သူတို့အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အတည်ပြုလိုက်ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အသင်းတသင်း ဖြစ်ပြီး သူတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၁၄) အပြီးမှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားနိုင်သလို ဒုတိယနေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးကိုလည်း ရမှတ် ၅မှတ် အထိ ဖြတ်တောက်ထားနိုင်ပါတယ်။

Photo Credit: Caught Offside

ဒါ့အပြင် အာဆင်နယ်က ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ပြိုင်ဘက်တွေ ဖြစ်တဲ့ စပါး ၊ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးနဲ့ လီဗာပူးတို့နဲ့လည်း အနည်းဆုံး ရမှတ် ၈မှတ် အထိ ကွာဟနေပါတယ်။

ရမှတ်ကွာဟမှု များပြားနေတာကြောင့် အာဆင်နယ်က ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတော်လေးကို အခြေအနေ ကောင်းနေပေမယ့် ကံမကောင်းစွာနဲ့ပဲ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ဂါဘရီရယ် ဂျေဇူးက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အနည်းဆုံး ၂လ ဝန်းကျင် အနားယူရဖို့ ရှိနေပါတယ်။

Photo Credit: Caught Offside

ဂျေဇူးက အာဆင်နယ်ရဲ့ တိုက်စစ်မှာ မရှိမဖြစ် ကစားသမား တဦး ဖြစ်တာကြောင့် အာဆင်နယ်က သူ့ရဲ့ နေရာအတွက် အစားထိုး ကစားသမား တဦးကို ခေါ်ယူဖို့ ကြိုးစားနေပြီး အာတီတာကလည်း သူတို့အသင်းဟာ ကစားသမားသစ်တွေကို ဇန်နဝါရီဈေးကွက် ဖွင့်တာနဲ့ ခေါ်ယူသွားမယ်လို့ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

အာတီတာက – “ကျွန်တော်တို့က ကစားသမားသစ်တွေကို ဇန်နဝါရီလ အစမှာပဲ ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ လုပ်ခဲ့သလိုပေါ့။ ကျွန်တော်တို့က အသင်းကို မကူညီနိုင်တဲ့ ကစားသမားမျိုးကိုတော့ မခေါ်ပါဘူး။ ကျွန်တော်တို့က ကစားသမားသစ် တယောက် လိုချင်တာ မဟုတ်ပါဘူး။ အသင်းကို ဒီထက် ပိုကောင်းအောင် လုပ်ပေးနိုင်မယ့် ကစားသမား တယောက်ကို လိုချင်တာပါ။ ကျွန်တော်က အီဒူး ၊ ဘုတ်အဖွဲ့တို့နဲ့ ပေါင်းပြီး ဒီအစီအစဉ်ကို အကောင်အထည် ဖော်သွားမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။