ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာ ကတော့ လာမယ့် စနေနေ့မှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အနိုင်ရလဒ် ရရှိဖို့ ဦးတည် ကစားသွားမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ ၂ပွဲဆက် ၂-၀ ၊ ၀-၂ ဆိုတဲ့ ရလဒ်တွေနဲ့ အရေးနိမ့်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး ဝေဖန်မှုတွေ များစွာ ခံနေရကာ ကြားရက်မှာ ကစားခဲ့တဲ့ EFLဖလားပွဲမှာတော့ ဝက်စ်ဘရွန်းအသင်းကို အဝေးကွင်းမှာ ၀-၆ဂိုး ဆိုတဲ့ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

Photo Credit: Football London

ဒါကြောင့် အာဆင်နယ်အသင်းဟာ နိုင်ပွဲတွေ ရယူဖို့ အတွက် လိုအပ်တဲ့ ယုံကြည်မှုတွေကို ပြန်လည် ရရှိနေပြီး မန်ချက်စတာ စီးတီးအသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင် ကစားရမယ့် ပွဲစဉ်ဟာ သူတို့အသင်းရဲ့ ရလဒ်ဆိုးတွေကို ပြောင်းပြန်လှန်ပစ်နိုင်မယ့် ပွဲစဉ်တပွဲ ဖြစ်ကြောင်း အာတီတာက ဆိုပါတယ်။

အာတီတာက – “အီတီဟတ်မှာ လိုချင်တဲ့ ရလဒ်တခုကိုသာ ရခဲ့ရင် အတော်လေးကို ကောင်းမှာပါ။ ဝက်စ်ဘရွန်းအသင်းကို ဂိုးပြတ်နိုင်ခဲ့တဲ့ ပွဲစဉ်က ကျွန်တော်တို့ကို မန်ချက်စတာမြို့ဆီ သွားရောက်ကာ နိုင်ပွဲတပွဲ အရယူနိုင်ဖို့ အားအင်တွေ ပေးခဲ့ပါတယ်။ ပြီးတော့ မန်ချက်စတာမြို့မှာသာ နိုင်ပွဲရခဲ့ရင် အဲ့ဒါက ကျွန်တော်တို့ကို အမှတ်ပေးဇယားမှာ အတော်လေး ပြောင်းလဲသွားစေမှာပါ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Football London

မန်ချက်စတာ စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃) ကို မနက်ဖြန် စနေနေ့ ည ၆နာရီအချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးကရော မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်မှာ ဘယ်အသင်းက အနိုင်ရသွားမယ်လို့ ထင်ကြလဲဗျ…။