MySport Myanmar

လူစားလဲခံခဲ့ရတဲ့ မာတီနယ်လီရဲ့ ဒဏ်ရာအခြေအနေကို ပြောပြလာတဲ့ အာတီတာ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပထမပိုင်းမှာတင် လူစားလဲခံခဲ့ရတဲ့ တောင်ပံတိုက်စစ် ကစားသမား မာတီနယ်လီဟာ ကြွက်သားဒဏ်ရာ တခု ရရှိခဲ့ကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၅) အဖြစ် အဲဗာတန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ အာတီတာက ဆာကာ ၊ အန်ခီးတီးယားနဲ့ မာတီနယ်လီတို့ကို တိုက်စစ်အား ဦးဆောင် ကစားစေခဲ့ပါတယ်။

Photo Credit: Sky Sports

ဒီရာသီမှာ ရလဒ်တွေ တောက်လျှောက် ဆိုးဝါးနေတဲ့ အဲဗာတန်က ကြံ့ခိုင်မှု အသားပေးပြီး အာဆင်နယ်ကို မာမာထန်ထန် တုံ့ပြန် ကစားခဲ့တာကြောင့် ဧည့်သည် အာဆင်နယ်တို့ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန် ကစားခဲ့ရပါတယ်။

ဒါပေမယ့် ပွဲချိန် ကြာလာတာနဲ့အမျှ အာဆင်နယ်က အဲဗာတန်ဘက်ကို ပိုမို ထိုးဖောက်လာနိုင်ခဲ့ပြီး ပွဲချိန် ၆၉မိနစ်မှာတော့ ဘူကာယို ဆာကာရဲ့ ပေးပို့မှုကနေ မာတီနယ်လီအစား လူစားဝင် ကစားတဲ့ တောင်ပံတိုက်စစ် ကစားသမား ထရော့ဆက်က အာဆင်နယ်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Keep Up

ပွဲပြီးဆုံးချိန်မှာတော့ အာဆင်နယ်နည်းပြ အာတီတာက ပထမပိုင်းမှာ အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးဖို့ ကြိုးစားရင်း ဒဏ်ရာရသွားတာကြောင့် လူစားလဲခံခဲ့ရတဲ့ တောင်ပံတိုက်စစ် ကစားသမား မာတီနယ်လီရဲ့ ဒဏ်ရာအခြေအနေကို အခုလိုပဲ ပရိသတ်တွေ သိအောင် ပြောပြလာခဲ့ပါတယ်။

အာတီတာက – “မာတီနယ်လီဟာ ပြေးနေရင်းနဲ့ နာကျင်မှုကို ခံစားခဲ့ရလို့ လူစားလဲခဲ့တာပါ။ သူ့ရဲ့ ပေါင်မှာ ဒဏ်ရာရသွားတဲ့ ပုံစံပါပဲ။ ဒဏ်ရာအခြေအနေ အသေးစိတ်ကိုတော့ ဆေးစစ်မှုတွေ လုပ်ပြီးမှပဲ သိရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version