ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုအဆင့် တတိယပွဲမှာ ဘိုဒိုကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရယူနိုင်ခဲ့ပြီး အုပ်စုပွဲ ၂ပွဲ အပြီးမှာပဲ ၂ပွဲကစား ၊ ၂ပွဲနိုင် ဆိုတဲ့ ရလဒ်နဲ့အတူ အုပ်စုရဲ့ ပထမနေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အာဆင်နယ်ရဲ့ အမ်းမရိတ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်က အဓိက ကစားသမား အများအပြားကို အနားပေးခဲ့ပြီး အရန် ကစားသမားတွေနဲ့သာ ပွဲထွက်လာခဲ့ပေမယ့် အာဆင်နယ်ရဲ့ ကစားဟန်က ပြိုင်ဘက် ဘိုဒိုထက် အဆပေါင်းများစွာ ပိုမို သာလွန်နေခဲ့ကာ ပထမပိုင်းမှာပဲ အာဆင်နယ်ဟာ ဘိုဒိုကို ၂ဂိုးပြတ် ဦးဆောင်ခွင့် ရခဲ့ပါတယ်။

Photo Credit: Express

ဒုတိယပိုင်းမှာတော့ အာဆင်နယ်က ကစားအား အနည်းငယ် လျော့ချခဲ့ကာ ပွဲကို ထိန်းချုပ်ဖို့သာ ဦးစားပေး ကြိုးစားလာခဲ့တာကြောင့် ဂိုးသွင်းခွင့်တွေ များများစားစား ထပ်မရတော့သလို သွင်းဂိုးလည်း ၁ဂိုးသာ သွင်းယူနိုင်တော့ပြီး အဆိုပါပွဲမှာ အာဆင်နယ် အတွက် အန်ခီးတီးယား ၊ ဟိုးဒင်းနဲ့ ဗီအဲရာတို့က သွင်းဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

အာဆင်နယ် ၃-၀ ဘိုဒို ပွဲစဉ်အပြီးမှာ အာဆင်နယ်က အုပ်စုရဲ့ ပထမနေရာကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် အာဆင်နယ်နည်းပြ အာတီတာကတော့ ဘိုဒိုနဲ့ ဒုတိယပိုင်းမှာ ကစားသွားတဲ့ အသင်းသားတွေရဲ့ ကစားဟန်ကို သဘောမကျပဲ သူ့ရဲ့ အသင်းဟာ ပွဲကို ဆက်လက် စိုးမိုးနိုင်ခဲ့သင့်သလို ဂိုးတွေလည်း ထပ်သွင်းခဲ့သင့်ကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

အာတီတာက – “ကျွန်တော်က နိုင်ပွဲအတွက် ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့က ၂ပွဲကစား နိုင်ပွဲနိုင်ခဲ့သလို ရမှတ် ၆မှတ်နဲ့ ပေးဂိုးမဲ့ နိုင်ပွဲ တပွဲကို ရခဲ့တာကြောင့် ပိုပျော်ရပါတယ်။ ဒါပေမယ့် ဒီနေ့မှာ ကျွန်တော်တို့ရဲ့ ကစားသမား တချို့က အသင်းဖော်တွေနဲ့ အချိတ်အဆက် လွဲနေခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့က တည်ငြိမ်မှု အားနည်းခဲ့သလို တပွဲလုံး ပြိုင်ဘက်ကို စိုးမိုးထားနိုင်သင့်ပေမယ့် မစိုးမိုးနိုင်ခဲ့တဲ့ အချိန်တွေ ရှိပါတယ်။ အဲ့ဒီအတွက် ကျွန်တော် မပျော်ပါဘူး။ ကျွန်တော်တို့က ပွဲထွက် ကစားသမား ၈ယောက် အထိ လဲကာ ကစားခဲ့သလို ကစားသမားတွေက ကစားချိန် အပြည့်အဝ မရထားတဲ့ လူတွေ ဖြစ်တာကြောင့် တခါတလေ လွဲချော်မှုတွေ ရှိတတ်တာ သဘာဝပါပဲ။ ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲမှာတော့ ကျွန်တော်တို့က အတော်လေးကို စွမ်းဆောင်ရည် ကောင်းခဲ့တာပါ။ ဒါကြောင့်လည်း ကျွန်တော်တို့က သွင်းဂိုးတွေ ရခဲ့တာပေါ့” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။