ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲမှာ ဇူးရစ်ကို ဘယ်နောက်ခံလူ တီယာနေးရဲ့ တဂိုးထဲနဲ့ အနိုင်ရခဲ့မှုရယ် ၊ ပွဲပြီးခါနီးမှာ ဇူးရစ်ရဲ့ တိုက်စစ်ကို ခုခံကစားခဲ့ရမှုတို့ အတွက် မပျော်ရွှင်ဘူးလို့ အာဆင်နယ် ၁-၀ ဇူးရစ်ပွဲ အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်က ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ပီအက်စ်ဗွီ ၊ ဇူးရစ် ၊ ဘိုဒို စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပြီး အုပ်စုပွဲစဉ်(၄) အပြီးမှာပဲ နောက်တဆင့်ဆီ တက်ရောက်နိုင်ခဲ့ပေမယ့် အုပ်စုပထမနေရာ ရဖို့ အတွက် နောက်ဆုံးပွဲ အဖြစ် ကစားခဲ့ရတဲ့ ဇူးရစ်နဲ့ပွဲမှာ မဖြစ်မနေ နိုင်ပွဲ ရရှိဖို့ လိုအပ်ခဲ့ပါတယ်။

Photo Credit: Football London

ဒါကြောင့်ပဲ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ဇူးရစ်တို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ်က ပွဲစတင်ကတည်းကပဲ သွင်းဂိုးတွေ ရဖို့ တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၁၇မိနစ်မှာတော့ ဘယ်နောက်ခံလူ တီယာနေးက အာဆင်နယ် အတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်က ဦးဆောင်ဂိုး ရရှိပြီးနောက် နောက်ထပ် သွင်းဂိုးတွေ ထပ်မံ ရရှိအောင် ကြိုးစားခဲ့ပေမယ့် တိုက်စစ်မှူးတွေရဲ့ အခွင့်အရေးတွေကို လွဲချော်မှုတွေကြောင့် သွင်းဂိုးတွေ ထပ်မံ မရရှိတော့ပဲ ဒုတိယပိုင်းမှာတော့ အာဆင်နယ်ကို အနိုင်ရခဲ့ရင် ယူရိုပါ ကွန်းဖရန့်လိဂ်ဆီ ရောက်မယ့် ဇူးရစ်က ချေပဂိုးနဲ့ အနိုင်ဂိုး ရဖို့ တင်ကစားလာခဲ့ပေမယ့် အာဆင်နယ်က အနိုင်ဂိုးကို ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။

Photo Credit: Football London

အာဆင်နယ် ၁-၀ ဇူးရစ် ပွဲပြီးဆုံးချိန်မှာတော့ အာဆင်နယ်နည်းပြ အာတီတာက ဇူးရစ်ကို အနိုင်ရခဲ့ပေမယ့် အပြည့်အဝ မပျော်ခဲ့ပဲ အနိုင်သေချာစေမယ့် သွင်းဂိုးတွေ ထပ်မသွင်းနိုင်ခဲ့တဲ့ အသင်းသားတွေကို အပြစ်တင်လိုက်သလို ဇူးရစ်ရဲ့ ဖိအားပေးမှုကို အလူးအလဲ ခံခဲ့ရတဲ့ အတွက် ကစားပုံပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးကြောင်း ဆိုလာပါတယ်။

အာတီတာက – “ကျွန်တော်တို့က ပွဲကို ခပ်မြန်မြန်ပဲ အဆုံးသတ်ချင်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်က ဒီပွဲမှာ ရလဒ်ကောင်း တခု ရအောင် ကြိုးစားမယ် ဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ ကြိုးစား ကစားခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ဂိုးရပြီးနောက်ပိုင်း ကစားပုံ အနည်းငယ် လျော့ရဲသွားပါတယ်။ ဒီအချက်က ပြင်ဆင်ရမယ့် အချက်တခုပါ။ ကျွန်တော်တို့တွေက သွင်းဂိုးတွေ ထပ်မရခဲ့တာကြောင့် ပွဲပြီးခါနီး ၁၅မိနစ် ၊ ၂၀မိနစ်လောက်မှာ ကျွန်တော်တို့က ပြိုင်ဘက်ရဲ့ ဖိအားပေးမှုကို ခံခဲ့ရသလို ပွဲကိုလည်း ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။