အင်္ဂလန် ဘောလုံးသမားဟောင်းကြီး တက်ဒီ ရှာရင်ဂမ်က အာဆင်နယ်အသင်းနည်းပြ မီခယ်လ် အာတီတာဟာ ဒီရာသီမှာ အကောင်းဆုံး ပုံပန်းသွင်ပြင်ရှိတဲ့ နည်းပြဆုကလွဲလို့ တခြားဆုတွေ ရနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့သလို အဲ့ဒီဆုကိုလည်း အာတီတာထက် ပက်ပ် ဂွါဒီယိုလာကသာ ရသင့်တယ်လို့လည်း ဆိုလိုက်ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် နည်းပြအယောက် (၂၀)ထဲကမှ အကောင်းဆုံး ပုံပန်းသွင်ပြင်ရှိတဲ့ နည်းပြဆုကို ပိုင်ဆိုင်ခဲ့ပြီး အဲ့ဒီဆုနဲ့ ပတ်သက်ပြီးတော့လည်း (၄၃)နှစ်အရွယ် စပိန်လူမျိုးနည်းပြက “ကျွန်တော့် မေမေနဲ့ ဖေဖေက သူတို့ လုပ်ခဲ့တဲ့ အလုပ်အတွက် အရမ်းဂုဏ်ယူသင့်တယ်” လို့ ပြောခဲ့ပါသေးတယ်။
Photo Credit : CNN
ဒါပေမယ့် အာတီတာက သူ့အသင်း အာဆင်နယ်ကို ပရီးမီးယားလိဂ်ဖလား ရယူပေးချင်တဲ့ အိပ်မက်တွေ ယိုယွင်းလာခဲ့ပြီး အဆင့်(၂)နေရာနဲ့သာ ရာသီပြီးဆုံးသွားရဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်းဖလားတွေဖြစ်တဲ့ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတို့မှာလည်း ပြိုင်ပွဲကနေ ထွက်ခွာထားရလို့ ဒီရာသီအတွက် တစ်ခုတည်းသော ဖလားမျှော်လင့်ချက်က ချန်ပီယံလိဂ်သာ ရှိနေပါတော့တယ်။
ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်ထိ တက်လှမ်းထားပေမယ့် ကွာတားမှာပဲ ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်း ရီးယဲလ် မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ တော်တော်လေး မလွယ်ကူတဲ့ အခြေအနေမှာ ရှိနေရပြန်ပါတယ်။ ဒါကြောင့် အကောင်းဆုံး ပုံပန်းသွင်ပြင်ရှိတဲ့ နည်းပြဆုဟာ ဒီရာသီမှာ အာတီတာအတွက် တစ်ခုတည်းသောဆု ဖြစ်သွားနိုင်တယ်လို့ ရှာရင်ဂမ်က ဆိုလာပါတယ်။
Photo Credit : Goal
“ဒီဆုက သူရမယ့် တစ်ခုတည်းသော ဆုဖြစ်မလား။ ဒါကို သူ ယူလိုက်လို့ ရတယ်။ ဒါပေမယ့် ဘယ်သူက ဒီဆုကို ရသင့်တယ်လို့ ကျွန်တော်ထင်လဲ သိလား။ ပက်ပ် ဂွါဒီယိုလာပဲ။ သူက အရာရာတိုင်းကို သေသပ်လှပစွာ လုပ်ဆောင်နိုင်တယ်လို့ ကျွန်တော်ထင်တယ်။ သူ့ရဲ့ပုံစံ သူ့ရဲ့ဟန်ပန် သူ့ရဲ့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ် သူ့ရဲ့ စိတ်အားထက်သန်မှု သူ့ရဲ့ ကျွမ်းကျင် ပိုင်နိုင်မှုတွေအားလုံးကို ကျွန်တော်နှစ်သက်တယ်။ သူက တည်ငြိမ်အေးဆေးလည်း ရှိတယ်မဟုတ်လား။” လို့ ပြောကြားခဲ့ပါတယ်။
အာတီတာဟာ အာဆင်နယ်အသင်းကို စတင် ကိုင်တွယ်ခဲ့ပြီးချိန် အသင်းအတွက် အက်ဖ်အေဖလား (၁)ကြိမ်နဲ့ ကွန်မြူနတီဒိုင်း (၂)ကြိမ်တို့ကိုသာ ရယူပေးနိုင်ခဲ့ပြီး အသင်းနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူပေးဖို့ကတော့ နှစ်တိုင်းလိုလို လွဲချော်နေခဲ့ရပါတယ်။