ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ်အသင်းက ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်အသင်းရဲ့ အကောင်းဆုံးပုံစံကို မြင်နေရပြီလို့ ပရိသတ်တွေကို အသိပေး ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်ကွင်းမှာ ကစားခဲ့ရတဲ့ အဆိုပါပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ စပါးအသင်းထက် သိသိသာသာ ကောင်းမွန်ခဲ့ပြီး အနိုင်ဂိုး ၃ဂိုးကိုလည်း ပထမပိုင်း ပွဲကစားချိန်ထဲက ရရှိခဲ့တာ ဖြစ်ကာ အသင်းအတွက် သွင်းဂိုးတွေကိုတော့ စမစ်ရိုဝီ ၊ အူဘာမီယန်းနဲ့ ဆာကာတို့က သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Yahoo News

အာဆင်နယ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၃ပွဲဆက် အရေးနိမ့်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ပွဲစလုံးကို အနိုင်ရခဲ့သလို သွင်းဂိုး ၅ဂိုး အထိ ရရှိခဲ့ချိန်မှာ ပေးဂိုးကလည်း ၁ဂိုးသာ ရှိခဲ့ပါတယ်။

ဒါ့အပြင် စပါးအသင်းနဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ပိုင်း ချိတ်ဆက်မှု ၊ အသင်းလိုက် ကစားဟန်တို့က အတော်လေး ကောင်းမွန်ခဲ့ပြီး အာဆင်နယ်နည်းပြ အာတီတာ ကတော့ သူ ဖြစ်စေချင်တဲ့ ကစားဟန်မျိုးကို စပါးအသင်းနဲ့ပွဲမှာ ပရိသတ်တွေကို ချပြခွင့် ရခဲ့ကာ ဒါဟာ အာဆင်နယ်အသင်းရဲ့ အကောင်းဆုံး ပုံစံပါပဲလို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Yahoo News

အာတီတာက – “ဒီနေ့မှာတော့ ဆုံးဖြတ်ချက်တွေ ၊ ချိတ်ဆက်မှုတွေ အရာအားလုံးက အကောင်းဆုံးပုံစံ တခုမှာ ရှိနေခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ကစားချင်တဲ့ ကစားဟန်ကို ပရိသတ်တွေဆီ ချပြနိုင်ခဲ့ပြီး ဒီပုံစံကောင်းကို ဆက်လက် ထိန်းသိမ်းဖို့ပဲ လိုအပ်ပါတယ်။ ကျွန်တော်တို့က ဘောလုံးပေးပို့မှုတွေကို ခပ်မြန်မြန်ပဲ လုပ်ချင်ပါတယ်။ ဒါက ဒီနေ့ပွဲမှာ အလုပ်ဖြစ်ခဲ့သလို အသင်းအတွက်လည်း အန္တရာယ် များတဲ့ အခိုက်အတန့် တချို့ ရှိခဲ့တာ အမှန်ပါ။ ဘာလို့လဲဆိုတော့ အရာအားလုံးက ခပ်မြန်မြန် ပြောင်းလဲနိုင်တယ်လေ။ ကျွန်တော်ကတော့ ကွင်းထဲကို ရောက်သွားရင် အမြဲတမ်း အဆင်သင့် ရှိနေဖို့နဲ့ တိုးတက်နေဖို့ လိုတယ်လို့ ခံယူထားပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ အသင်းက လိုချင်တဲ့ ကစားဟန် တခုကို အကောင်းဆုံး ကစားပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ အသင်းရဲ့ ကစားပုံအတွက် ဂုဏ်ယူမိပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။