ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူပေးခဲ့တဲ့ အသင်းပိုင်ရှင် ခရွန်ကီ မိသားစုကို ကျေးဇူးတင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ယခုနှစ် နွေဈေးကွက်အတွင်းမှာ အသားတင် အသုံးစရိတ် ပေါင် ၁၀၀သန်းကျော် ရှိခဲ့သလို ဥရောပနဲ့ ပရီးမီးယားလိဂ်မှာ ငွေကြေး သုံးစွဲမှု အများဆုံးအသင်း အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အထိ ကစားသမားသစ်တွေကို ခေါ်ယူထားတဲ့ အသင်းပါ။

Photo Credit: Football London

အာဆင်နယ်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ဂိုးသမားနေရာ အတွက် ရမ်စဒယ် ၊ ခံစစ်ပိုင်း အတွက် ဘန်ဝှိုက် ၊ တာဗာရက် ၊ တိုမီယာဆု ၊ ကွင်းလယ်အတွက် လိုကွန်ညာနဲ့ အိုဒီဂတ်တို့ကို ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်းနီးပါး သုံးစွဲကာ ခေါ်ယူထားတဲ့ အသင်း ဖြစ်ပြီး အဆိုပါ ကစားသမားတွေထဲက အများစုဟာ သက်ဆိုင်ရာ ကလပ်တွေမှာ ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်ကြပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာက ယခုနှစ် နွေဈေးကွက် အတွင်းမှာ သူတို့အသင်းရဲ့ ကစားသမားသစ် ခေါ်ယူမှုတွေကို အားရကြောင်းနဲ့ ယခုလို အသင်းအပေါ် ရင်းနှီးမြှုပ်နှံမှု များစွာ ပြုလုပ်ခဲ့တဲ့ အသင်းပိုင်ရှင် ခရွန်ကီ မိသားစုကို ကျေးဇူးတင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့တာပါ။

Photo Credit: Football London

အသင်းရဲ့ နွေရာသီ လှုပ်ရှားနဲ့ ပတ်သတ်ပြီး အာတီတာက – “ဒီနွေဈေးကွက်က ကျွန်တော်တို့ အတွက် အတော်လေးကို ရှုပ်ထွေးခဲ့ပါတယ်။ ကစားသမား အဝင် ၊ အထွက် ၁၆ယောက် ၊ ၁၇ယောက်လောက် ရှိခဲ့ပြီး ဒါက အတော်လေးကို များပြားတဲ့ ပမာဏပါ။ ပြီးတော့ ရောက်လာတဲ့ ကစားသမားတွေကလည်း မတူညီတဲ့ လိဂ်တွေ ကနေ ရောက်လာတာ ဖြစ်တဲ့ အတွက် သူတို့ရဲ့ အတွေ့အကြုံတွေက ကွဲပြားခြားနားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူတို့တွေကို အချိန်အတော်ကြာ စောင့်ကြည့်ခဲ့တာကြောင့် အသင်းနဲ့အတူ အံဝင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ ဒီတော့ ဒီနွေရာသီ အပြောင်းအရွှေ့ လှုပ်ရှားမှုအပေါ် အများကြီး အားရပါတယ်။ ပြီးတော့ အသင်းအတွက် လိုအပ်တာ မှန်သမျှကို ဖြည့်ဆည်းပေးခဲ့တဲ့ အသင်းပိုင်ရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဆိုပြီး ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။