ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက သူတို့အသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ပေါ်တိုကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ်ဆီ တက်ရောက်နိုင်ခဲ့တာဟာ ပရိသတ်တွေ ပေးတဲ့ ခွန်အားတွေကြောင့် ဖြစ်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်က ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်မှာ ပေါ်တိုနဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး ပထမအကျော့ အဖြစ် ပေါ်တိုနဲ့ အာဆင်နယ်တို့က ပေါ်တူဂီမြေမှာ ယှဉ်ပြိုင် ကစားခဲ့ရာ ပေါ်တိုက တောင်ပံတိုက်စစ် ကစားသမား ဂါလီနိုရဲ့ နောက်ကျသွင်းဂိုးနဲ့ အာဆင်နယ်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Bein Sports

ယနေ့မနက်မှာတော့ အာဆင်နယ်နဲ့ ပေါ်တိုတို့က ဒုတိယအကျော့ အဖြစ် အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ကြပြီး ပထမအကျော့မှာ ရှုံးနိမ့်ထားတဲ့ အာဆင်နယ်က ကွာတားဖိုင်နယ်ဆီ တက်ဖို့ ပေါ်တိုကို မဖြစ်မနေ အနိုင်ကစားရန် လိုအပ်ခဲ့သလို ပွဲချိန် ၄၂မိနစ်မှာ သွင်းယူခဲ့တဲ့ ထရော့ဆက်ရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ ပေါ်တိုကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အာဆင်နယ်က ပေါ်တိုကို ပြန်အနိုင်ရခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ် ၁-၁ ဖြစ်နေခဲ့တာကြောင့် အာဆင်နယ်နဲ့ ပေါ်တိုတို့က အချိန်ပို မိနစ် ၃၀ ဆက်ကစားခဲ့ပြီး အချိန်ပိုမှာလည်း ဂိုးတွေ ထပ်မသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ အာဆင်နယ်က ဂိုးသမား ဒေးဗစ် ရာယာရဲ့ လက်စွမ်းကောင်းတွေနဲ့အတူ အာဆင်နယ်ကို ၄-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Arsenal

ပေါ်တိုကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်နည်းပြချုပ် အာတီတာက ဒီနိုင်ပွဲအတွက် သူတို့ကို ပွဲချိန်ပြည့် ခွန်အားအပြည့်နဲ့ အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ချင်ကြောင်း ဆိုလာပါတယ်။

အာတီတာက – “အာဆင်နယ် ပရိသတ်တွေ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော်တို့က သူတို့ကို အများကြီး ချစ်ပါတယ်။ ဒီနိုင်ပွဲက ထူးခြားပါတယ်။ ပရိသတ်တွေက ကျွန်တော်တို့ကို အပိုခွန်အားတွေ အများကြီး ပေးခဲ့တာပါ။ ဒီနိုင်ပွဲက ကျွန်တော်တို့နဲ့ ပရိသတ်တွေ အတူတူ ရယူခဲ့တဲ့ နိုင်ပွဲပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က ကိုယ် ရောက်ချင်တဲ့ နေရာတခုဆီ အရောက်လှမ်းနိုင်ခဲ့ပါပြီ” လို့ ပြောကာ ပရိသတ်တွေကို ကျေးဇူးတင်စကား ပြောကြားသွားခဲ့တာပါ။