ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာ ကတော့ ပြီးခဲ့တဲ့ မြောက်လန်ဒန် ဒါဘီပွဲစဉ်မှာ ဒဏ်ရာ ပြန်ရသွားတဲ့ အသင်းရဲ့ ကွင်းလယ် ကစားသမား သောမတ်စ် ပါတေးဟာ အသင်းရဲ့ ပွဲစဉ်တချို့ကို လွဲချော်သွားမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြား သွားခဲ့ပါတယ်။ အသက် ၂၇နှစ်အရွယ် ဂါနာလက်ရွေးစင် ပါတေးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ စပိန်ကလပ် အက်သလက်တီကို မက်ဒရစ် အသင်းကနေ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းထံ ရောက်ရှိပြီး မကြာခင်မှာပဲ အသင်းရဲ့ အဓိက ကွင်းလယ် ကစားသမား ဖြစ်လာကာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၆ပွဲအထိ ပါဝင် ကစားပေးထားပါတယ်။

Photo Credit: Football London

ဒါပေမယ့် ပါတေးဟာ လက်စတာအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ် အသင်း ကစားသမားဘဝ ပထမဦးဆုံး အကြိမ် ဒဏ်ရာ ရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာကြောင့် ပါတေးဟာ အာဆင်နယ် အသင်းရဲ့ ပွဲစဉ်တချို့ကို လွဲချော်ခဲ့သလို အဆိုပါ ပွဲစဉ်တွေမှာလည်း အာဆင်နယ် အသင်းဟာ ရလဒ်ကောင်းတွေ ရရှိခဲ့ခြင်း မရှိပါဘူး။ ပါတေးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီ ပွဲစဉ်မှာတော့ ပြန်လည် ပါဝင် ကစားခဲ့ပြီး ပထမပိုင်း ပြီးဆုံးခါနီးမှာပဲ ယခင် ရရှိခဲ့တဲ့ ဒဏ်ရာဟောင်းကို ပြန်ရခဲ့တာကြောင့် အသင်းဖော် စီဘယ်လော့နဲ့ လူစားလဲ ခံခဲ့ရပါတယ်။

 

Photo Credit: Football London

စပါးအသင်းနဲ့ ပွဲစဉ် ပြီးဆုံးချိန်မှာတော့ အာဆင်နယ် အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာက ပါတေးဟာ လက်စတာနဲ့ ပွဲစဉ်မှာ ရခဲ့တဲ့ ဒဏ်ရာမျိုး ပြန်ရခဲ့တာ ဖြစ်ကြောင်း အတည်ပြု ခဲ့ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ် အသင်းဟာ ပါတေးရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ် ပြီးစီးခဲ့ကာ ပါတေးဟာ အသင်းရဲ့ ပွဲစဉ် အနည်းငယ်ကို လွဲချော်မှာ ဖြစ်ကာ တစ်လနီးပါး နားရနိုင်ချေ ရှိပါတယ်။ ပါတေးရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး အာတီတာက “ပါတေးက အရင်ဒဏ်ရာ ရခဲ့တဲ့ နေရာတစ်ဝိုက်မှာပဲ ဒဏ်ရာ ပြန်ရခဲ့တာပါ။ ဒါပေမယ့် နေရာတော့ မတူပါဘူး။ မနေ့တုန်းက MRI ဆေးစစ်မှုကို လုပ်ဆောင်ခဲ့ပြီး ဒဏ်ရာတစ်ခု ရှိတဲ့ အကြောင်းကို သိခဲ့ပါတယ်။ သူဟာ အသင်းရဲ့ ပွဲစဉ်တချို့ကို လွဲချော်တော့မှာပါ”လို့ ပြောကြား သွားခဲ့ပါတယ်။