ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ မီခေး အာတီတာကတော့ ရာသီသစ်မှာ သူတို့အသင်းရဲ့ ဦးစားပေး ပစ်မှတ်ဟာ ပြိုင်ပွဲတွေမှာ ဗိုလ်စွဲအောင် လုပ်ဖို့ပဲလို့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ အော်လန်ဒိုကို ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

တချိန်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်နဲ့ လိဂ်ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အာဆင်နယ်က အသင်းရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး မရှိတော့တဲ့နောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံမဖြစ်တော့သလို ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ပါ ရုန်းကန်နေရပါတယ်။

Photo Credit: Team Talk

ဒါပေမယ့် အာဆင်နယ်က အသင်းခေါင်းဆောင်ဟောင်း အာတီတာကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ရလဒ်ကောင်းတွေ ပြန်လည် ရရှိလာသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာဆိုရင်လည်း ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတော်လေး နီးစပ်ခဲ့တာကြောင့် မကြာခင်မှာပဲ အာဆင်နယ်က အာတီတာရဲ့ ဦးဆောင်မှုနဲ့ အောင်မြင်မှုတွေ ရရှိလိမ့်မယ် ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာပါတယ်။

ယခုနှစ် နွေဈေးကွက် အတွင်းမှာလည်း အာဆင်နယ်က ဂါဘရီရယ် ဂျေဇူး ၊ ဗီအဲရာ ၊ မာကွင်ဟို့စ် စတဲ့ ကစားသမားတွေကို ခေါ်ယူထားနိုင်သလို ယူကရိန်း ဘယ်နောက်ခံလူ ဇင်ချန်ကိုကိုပါ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားတာကြောင့် အာဆင်နယ်ရဲ့ လူအင်အား ဖြည့်တင်းမှုဟာ အတော်လေး အားရစရာ ကောင်းနေပြီး အာဆင်နယ်နည်းပြ အာတီတာကတော့ သူတို့အသင်းဟာ ဒီထက်ပိုပြီး အင်အား တောင့်တင်းလာဖို့ ကစားသမားသစ်တွေ ထပ်ခေါ်ရန် စီစဉ်ထားသလို သူတို့ရဲ့ အဓိက ပစ်မှတ်ဟာ ပြိုင်ပွဲတိုင်းမှာ အနိုင်ရဖို့သာ ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Team Talk

အာတီတာက – “ကျွန်တော်တို့အသင်းရဲ့ အဓိက ရည်မှန်းချက်က ပြိုင်ပွဲတွေမှာ အနိုင်ရဖို့ပါ။ ကျွန်တော်တို့မှာ အဲ့ဒါကလွဲရင် တခြား ရည်မှန်းချက်မျိုးတွေ မရှိပါဘူး။ ကျွန်တော်တို့တွေ အသင်းကို အခုလိုမျိုး အင်အား တောင့်တင်းလာအောင် ကြိုးစား ဆောင်ရွက်နေတာကလည်း ပြိုင်ပွဲတိုင်းမှာ အနိုင်ရဖို့ အတွက်ပါပဲ။ ကျွန်တော်တို့က အခုမှ ရာသီကြိုကာလမှာပဲ ရှိနေပါသေးတယ်။ ကျွန်တော်တို့ဆီ ကစားသမားသစ်တွေ ထပ်ရောက်လာဖို့ ရှိနေပါသေးတယ်” လို့ ပြောကြားသွားခဲ့တာပါ။