ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ မီခေး အာတီတာ ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လန်ဒန်မြို့ခံကလပ် ဝက်စ်ဟမ်းကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပြီးနောက် သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် တနေရာစာ ဖြစ်တဲ့ အဆင့်၄နေရာနဲ့ မကျေနပ်နိုင်ပဲ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးရဲ့ အဆင့်၃နေရာကိုပါ ရယူဖို့ အဆင်သင့် ဖြစ်နေကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် မြို့ခံပြိုင်ဘက် စပါးနဲ့ အပြိုင်အဆိုင် ဖြစ်နေတဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၄) အဖြစ် ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ခြေစွမ်းပိုင်း သိသိသာသာ အသာစီး မရခဲ့ပေမယ့် နောက်ခံလူတွေ ဖြစ်တဲ့ ဟိုးဒင်းနဲ့ ဂါဘရီရယ်တို့ရဲ့ ခေါင်းတိုက်သွင်းဂိုးတွေနဲ့အတူ အဖိုးတန် ရမှတ် ၃မှတ်ကို စုဆောင်းနိုင်ခဲ့ပါတယ်။

Photo Credit: Football London

ဝက်စ်ဟမ်းကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့်၄နေရာနဲ့ ရာသီသိမ်းနိုင်ဖို့ ပိုမို အခြေအနေ ကောင်းလာသလို အဆင့်၃နေရာက မြို့ခံပြိုင်ဘက် ချယ်လ်ဆီးနဲ့လည်း ရမှတ် ၃မှတ်သာ ကွာဟပါတော့တယ်။

ဒါကြောင့်ပဲ အာဆင်နယ်ရဲ့ နည်းပြဖြစ်သူ မီခေး အာတီတာက ဝက်စ်ဟမ်းကို အနိုင်ယူခဲ့ပြီးနောက် သူတို့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိရေးအတွက် ပစ်မှတ်ထား ကြိုးပမ်းနေသလို ချယ်လ်ဆီးရဲ့ အဆင့်၃နေရာကိုပါ သိမ်းပိုက်နိုင်စွမ်း ရှိကြောင်း ကြုံးဝါးသွားခဲ့တာပါ။

Photo Credit: Football London

အာတီတာက – “သင်္ချာနည်းအရ တွက်ကြည့်ရင် ကျွန်တော်တို့က အဆင့်၃နေရာကို ရနိုင်ပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့တွေက လာမယ့်အပတ်မှာ လိဒ်ယူနိုက်တက်ကို အနိုင်ယူဖို့ အစွမ်းကုန် ကြိုးစားသွားမယ်။ အသင်းမှာ ရှိနေတဲ့ လူတိုင်းကလည်း ဒီနေရာနဲ့ ထိုက်တန်တဲ့ ဖိအားတွေကို ခံစားနေရသလို ဒီနေရာမှာ ဆက်နေနိုင်ဖို့ အစွမ်းကုန် အစွမ်းကုန် ကြိုးစားနေကြပါတယ်။ ကျွန်တော်တို့တွေက ဖိအားတွေကို ကိုင်တွယ်နိုင်စွမ်း ရှိရပါမယ်။ အခုဆိုရင် ကျွန်တော်တို့က ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အရမ်းကို နီးစပ်နေပြီ။ ဒါက အသင်းအတွက် အရမ်းကို ကြီးမားတဲ့ အခွင့်အလမ်းကောင်း တခု ဖြစ်သလို ကစားသမားတွေရဲ့ စိတ်ဓာတ်တွေ တက်ကြွအောင် လုပ်ပေးနိုင်တဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အစွမ်းကုန် ကြိုးစားသွားဖို့ အဆင်သင့်ပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။