ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုက ဒီနေ့ညမှာ လန်ဒန်ဒါဘီ ပွဲစဉ်အဖြစ် ရင်ဆိုင်သွားရတော့မယ့် အာဆင်နယ်အသင်းရဲ့ နည်းပြ မီခယ်လ် အာတီတာကို ပွဲမတိုင်ခင် ချီးကျူး ပြောဆိုမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

တကယ်တော့ ပိုချက်တီနို နဲ့ အာတီတာတို့ဟာ ကစားသမားဘဝတုန်းက ပြင်သစ် လီဂူးကလပ် ပီအက်စ်ဂျီအသင်းမှာ အသင်းဖော်တွေအဖြစ် တွဲဖက် ကစားခဲ့ဖူးတာဖြစ်ပြီး နည်းပြအဖြစ်နဲ့ကတော့ အခုအချိန်မှသာ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

Photo Credit : Paris Saint Germain

အခုလို အသင်းဖော်ဟောင်းကြီး အာတီတာနဲ့ ပြန်လည် ရင်ဆိုင်ရမယ့် ပိုချက်တီနိုက “ကျွန်တော်တို့ အာဆင်နယ်အသင်းကို လေးစားပါတယ်။ သူတို့က ထိပ်တန်း အသင်းကောင်း တစ်သင်းပါ။ သူတို့မှာ မီခယ်လ်လည်း ရှိနေပါတယ်။ မီခယ်လ်ကတော့ ကျွန်တော်ရဲ့ မိသားစုဝင် တစ်ယောက်လို ရှိခဲ့တဲ့သူပါ။”

“သူတို့အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲက ခက်ခဲနေမှာပါ။ ဘာလို့လဲဆိုတော့ သူတို့မှာ အကောင်းဆုံးတွေ လုပ်ဆောင်နိုင်မယ့် အမိုက်စား လူစာရင်း ရှိတယ်။ ပြိုင်ပွဲတိုင်းမှာလည်း ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်းလည်း ရှိနေတယ်။ မီခယ်လ်ရဲ့ အာဆင်နယ်အတွက် စွမ်းဆောင်နိုင်မှုကိုလည်း ကျွန်တော် မအံ့သြမိဘူး။ သူက ငယ်ရွယ်ပြီး အရည်အသွေးရှိတဲ့သူ။”

Photo Credit : The Sun

“နေ့စဉ်နဲ့အမျှ တိုးတက်လာပြီး တစ်နေ့ကျရင်လည်း ကမ္ဘာပေါ်က အကောင်းဆုံး နည်းပြတွေထဲမှာပါ ပါဝင်လာနိုင်မယ့်သူပါ။ သူ့ကို ကျွန်တော် အခုလို မြင်တွေ့နေရတာ အရမ်း ဂုဏ်ယူမိပါတယ်။” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အာတီတာရဲ့ အာဆင်နယ်အသင်းဟာ လက်ရှိ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ စပါးအသင်းနဲ့အတူ ရှုံးပွဲမရှိသေးသော အသင်းတွေအဖြစ် ပူးတွဲ ရပ်တည်နေကြပြီး နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၃)ပွဲဆက်တ်ိုက် နိုင်ပွဲရထားတဲ့ ချယ်လ်ဆီးနဲ့ ဆုံတွေ့ချိန်မှာ အာဆင်နယ်ရဲ့ ရလဒ်တွေ ကမောက်ကမ ဖြစ်လာနိုင်မလား ဒါမှမဟုတ် ချယ်လ်ဆီးရဲ့ နိုင်ပွဲတွေပဲ ရပ်တန့်သွားမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။