MySport Myanmar

ကစားသမားသစ်တွေ ခေါ်ယူဖို့ အချိန်များစွာ ကျန်ရှိနေသေးကြောင်း အာတီတာ ဆို

အာဆင်နယ်အသင်းနည်းပြ မီခေးလ် အာတီတာဟာ အသင်းက ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး ဗစ်တာ ယိုကယ်ရက်စ်အကြောင်းကို တိုက်ရိုက်ပြောဆိုဖို့ ငြင်းဆန်ခဲ့သော်လည်း အသင်းလူစာရင်းကို အင်အားဖြည့်တင်းဖို့အတွက် အပြောင်းအရွှေ့ကာလမှာ အချိန်တွေ အများကြီး ကျန်ရှိနေသေးတယ်လို့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ရာသီကြို ခြေစမ်းပွဲများအဖြစ် ယခုတစ်ပတ်အတွင်း စင်္ကာပူနိုင်ငံမှာ အေစီမီလန်၊ နယူးကာဆယ်တို့နဲ့ ယှဉ်ပြိုင်ကစားဖို့ ရောက်ရှိနေခြင်း ဖြစ်ပါတယ်။ စပို့တင်း လစ္စဘွန်းအသင်းက ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်နဲ့ ပတ်သက်ပြီး အာတီတာကို သတင်းထောက်များက မေးမြန်းကြရာ အာတီတာက “သူက ကျွန်တော်တို့အသင်းရဲ့ ကစားသမား မဟုတ်သေးပါဘူး။” ကျွန်တော်တို့အသင်းရဲ့ အစိတ်အပိုင်းမဟုတ်သေးတဲ့ ဘယ်ကစားသမားနဲ့ပတ်သက်လို့မှ တိတိကျကျ ပြောနိုင်တာမျိုး မရှိပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : talkSPORT

ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းဟာ အခုနွေရာသီ ဈေးကွက်မှာ ချယ်လ်ဆီးက ဂိုးသမား ကီပါ အာရီဇာဘလာဂါနဲ့ တောင်ပံကစားသမား နိုနီ မာဒူအက်ကေးတို့အပြင် ဘရန့်ဖို့ဒ်က ကွင်းလယ်ကစားသမား ခရစ်ရှန် နော်ဂတ်၊ ရီးရဲလ် ဆိုစီဒက်က မာတင် ဇူဘီမန်ဒီတို့ကို ခေါ်ယူအားဖြည့်ထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာတီတာက အသင်းရဲ့ တိုက်စစ်ပိုင်းကို ထပ်မံအင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေဆဲဖြစ်ပြီး ပြီးခဲ့သည့်ရာသီက ပေါ်တူဂီမြေမှာ (၅၂)ပွဲ ကစားပြီး (၅၄)ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြခဲ့တဲ့ စပို့တင်း တိုက်စစ်မှူး ယိုကယ်ရက်စ်အတွက် ပေါင်သန်း(၇၀) တန်ဖိုးရှိ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ထားကြောင်း သတင်းများထွက်ပေါ်နေပါတယ်။

Photo Credit : SportsDesk

အာတီတာက “အပြောင်းအရွှေ့ကာလမှာ အချိန်တွေ အများကြီးကျန်ပါသေးတယ်။ ကျွန်တော်တို့ ကစားသမားအရေအတွက် ထပ်ရှာနေဆဲပါ။ ကျွန်တော်တို့ လူစာရင်းမှာ အရေအတွက် နည်းနေပါသေးတယ်။ ဒါ့ကြောင့် အသင်းရဲ့ လူစာရင်းအင်အားနဲ့ အရည်အသွေးကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အခုလောလောဆယ်မှာတော့ ကျွန်တော်တို့ဆီမှာ ရှိပြီးသားကစားသမားတွေကိုပဲ အာရုံစိုက်ထားပါတယ်။ လက်ရှိမြင်တွေ့နေရတဲ့ အခြေအနေတွေအပေါ်မှာလည်း အရမ်းကို ကျေနပ်အားရမိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ဖလား မရရှိသေးသည့်အချက်ကို အာတီတာက ကောင်းစွာသိရှိထားပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီ သုံးရာသီဆက်တိုက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရခြင်းကနေ နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ လိုအပ်ကြောင်း ပြောဆိုထားပါတယ်။ “ကစားသမားတွေကို ပရီးမီးယားလိဂ်ချန်ပီယံဆုရဖို့ စည်းရုံးနေစရာ မလိုပါဘူး။ သူတို့ရဲ့ အရည်အသွေးကို ကျွန်တော်သိပါတယ်။ ကျွန်တော်တို့အားလုံး နောက်တစ်ဆင့်ကို တက်လှမ်းလိုကြပါတယ်။ ကျွန်တော်တို့ရဲ့အလုပ်က အသင်းကို အကောင်းဆုံးယှဉ်ပြိုင်နိုင်တဲ့ အနေအထားမှာ ထားရှိဖို့ပါ။ ဒါက ကျွန်တော်တို့ရဲ့ တစ်ဦးချင်းတာဝန် ဖြစ်ပါတယ်။” လို့ အာတီတာက ဆိုပါတယ်။

Exit mobile version